ကန့်ဘလူ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်များကို ရာသီအလိုက် တစ်ပိုင်တစ်နိုင်အဖြစ်လည်းကောင်း၊ စီးပွားဖြစ်အနေဖြင့်လည်းကောင်း၊ တစ်ဖက်တစ်လမ်းမှ မိသားစုစီးပွားရေး အဆင်ပြေစေရေးအတွက် လည်းကောင်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက်များကို စက်တင်ဘာလနှင့် အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ယနေ့အထိ စားဖိုဆောင်သီးနှံ ဟင်းသီးဟင်းရွက် ၇၅၁၅ ဧကစိုက်ပျိုးပြီးခဲ့ကြောင်း ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦး စီးဌာနမှ သိရသည်။
“ဒီ ၂၀၂၅- ၂၀၂၆ ခုနှစ်မှာ ဆောင်းသီးနှံဖြစ်တဲ့ စားဖိုဆောင် သီးနှံဟင်းသီးဟင်းရွက်စုံ ၇၄၂၆ ဧက လျာထားစိုက်ပျိုးခဲ့ရာမှာ ၇၅၁၅ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ပြီး ရာခိုင်နှုန်းအနေဖြင့် ၁၀၁ ဒသမ ၂ ရာခိုင်နှုန်းရှိပါတယ်။ စားဖိုဆောင်သီးနှံတွေစိုက်ပျိုးနိုင်ဖို့အတွက် မျိုးစေ့၊ နည်းပညာတွေကို မစိုက်ပျိုးမီ စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်ကပြောသည်။
ကန့်ဘလူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုအနေဖြင့် မုန်လာထုပ်၊ မုန်ညင်း၊ ကိုက်လန်၊ မုန်လာဥ၊ ဆလတ်၊ တိုင်ထောင်ပဲ၊ နံနံ၊ ဘူးသီး၊ ခဝဲ၊ ရုံးပတီ၊ ခရမ်းချဥ်၊ ခရမ်းသီး စသည့်သီးနှံတို့ကို စိုက်ပျိုးကြကြောင်း၊ အဆိုပါသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ကွင်းတာဝန်ခံများက တောင်သူများ၏ စိုက်ပျိုးကွင်းအရောက် ကွင်းဆင်းပြီး တောက်သူများနှင့် တွေ့ဆုံကာ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စားဖိုဆောင်းသီးနှံ ဟင်းသီးဟင်းရွက်များသည် အချိန်တိုအတွင်း စိုက်ပျိုးထုတ်လုပ်နိုင်ကာ ငွေအမြန်ပေါ်သည့် သီးနှံများဖြစ်၍ စိုက်ပျိုးသူတောင်သူများက မိသားစုစီးပွားရေး အဆင်ပြေစေရေးအတွက် စဥ်ဆက်မပြတ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)