အရာတော်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)အောင်မြင်စွာ ကျင်းပပြီးစီး

အရာတော် ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီအချိန်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို စတင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံများ၌ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်ပျော်ရွှင်စွာ လာရောက်မဲပေးခဲ့ကြသည်။

ထိုသို့ မဲလာရောက်ပေးရာတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်းရင်းသားလွှတ်တော်ဆန္ဒမဲပုံး(MEVM) မဲပေးစက်အသီးသီးတွင် သက်ဆိုင်ရာလွှတ်တော်အလိုက် လွယ်ကူစွာမဲပေးနိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ အလေးထားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာမဲရုံအသီးသီးသို့ လာရောက်မဲပေးနေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းချစ်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို အနီးကပ်ကြည့်ကြပ်ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံရေးပါတီများမှ ပါတီကိုယ်စားလှယ်လောင်းများလည်း လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အရာတော်မြို့တွင် မြို့ပေါ်(၃)ရပ်ကွက်၌ မဲရုံစုစုပေါင်း (၉)ရုံဖွင့်လှစ်ကျင်းပခဲ့ရာ ညနေ(၄)နာရီအချိန်တွင် မဲရုံများပိတ်သိမ်းခဲ့ပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)