ကျွန်းလှ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်ဆောင်းရာသီစိုက်ပျိုးသော မြေပဲများနုတ်ယူဆွတ်ခူးပြီး ဒေသခံလုပ်သားများ ဝင်ငွေရရှိနေကြကြောင်း သိရသည်။
“ကျွန်တော် ဒီနှစ်ဆောင်းရာသီမှာ ဗီယက်နမ်မြေပဲမျိုး ၂ ဧကကို မျိုးစေ့ထုတ်ကွက်အဖြစ် စက်တင်ဘာလက စိုက်ပျိုးရေးဦးစီးဌာနရဲ့ နည်းပညာပံ့ပိုးမှုနဲ့ စိုက်ပျိုးခဲ့ပါတယ်။ အခုအခါ မြေပဲစိုက်ခင်းမှာ နုတ်ယူဆွတ်ခူးနေပြီဖြစ်ပါတယ်။ မြေပဲနုတ်ယူရာမှာ ဒေသခံလုပ်သားတစ်ဦးကို နံနက်ပိုင်းထိ ငွေကျပ် ၆၀၀၀၊ မြေပဲဆွတ်ငှားရင် တစ်တင်းငွေကျပ် ၃၀၀၀ ပေးရပါတယ်” ဟု ရှမ်းစုကျေးရွာ မြေပဲစိုက်ခင်းပိုင်ရှင် ဦးနိုင်ကပြောသည်။
ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့်မြေပဲကို မိုးရာသီနှင့်ဆောင်းရာသီစိုက်ပျိုးကြကြောင်း၊ ယခုနှစ်ဆောင်းရာသီ၌ မြေပဲစိုက်ပျိုးရန် ၁၃၈၉၆ ဧကလျာထားပြီး ၁၄၂၄၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးချိန်၊ ပေါင်းသင်ချိန်၊ နုတ်ယူဆွတ်ခူးချိန် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းရရှိကြပြီး မိသားစုဝင်ငွေရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ