မုံရွာ ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၃ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နောင်လွန်ကျေးရွာရှိ တောင်သူဦးဖိုးတာ စိုက်ပျိုးထားရှိသည့် ရော်ဘာနှင့်ကုန်းမြင့်ကော်ဖီသီးနှံ ရောနှောစိုက်ခင်း ဧက(၂၀)သို့ရောက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ရော်ဘာနှင့် ကုန်းမြင့်ကော်ဖီသီးနှံစိုက်ပျိုးထားရှိမှုများအား လိုက်လံရှင်းလင်းပြသကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့်အတူ ကုန်းမြင့်ကော်ဖီသီးနှံ ကိုင်းဖြတ်နေမှုသရုပ်သမှုများအားကြည့်ရှုခဲ့ကြပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ဟုမ္မလင်းမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးမည့် 33KV(၁၀)အမ်ဗွီအေ ဓါတ်အားခွဲရုံသို့ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံများမှ ဓါတ်အားခွဲရုံတည်ဆောက်နေမှု လုပ်ငန်းအခြေအနေများအား လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ဓါတ်အားခွဲရုံတည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၂ ရက်၊ မွန်းလွဲပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းခွင် သို့ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်-၂ တည်ဆောက်ရေးတာဝန်ခံမှ “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချီန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ ဒေသခံပြည်သူများလိုအပ်သည့် လျှပ်စစ်မီးအမြန်ရရှိရန်အတွက် ယခုဆောင်ရွက်သည့်ရေအားလျှပ်စီမံကိန်းအား အမြန်ပြီးစီးအောင် ကြိုပမ်းဆောင်ရွက်ရေး၊ တည်ဆောက်လုပ်ငန်းသုံးပစ္စည်းများ လုပ်ငန်းခွင်သို့ အချိန်မီရောက်ရှိရေး၊ ရရှိထားသည့်ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင် သုံးစွဲသွားရေးတို့ အားတာဝန်ရှိသူများအား မှာကြားကာ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်း ဖိအားမြှင့်သံမဏိပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်နေမှုနှင့် ရေယူအဆောက်အဦ တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နမ့်ပငအသေးစားရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇.၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင်တည်ရှိ၍ Concrete Gravity Dam တမံအမျိုး အစားဖြစ်ပြီး တပ်ဆင်စက်အင်အားမှာ ၆ မဂ္ဂါဝပ်ဖြစ်ကာ နှစ်စဉ်လျှပ်စစ်ဓာတ်အား - ၃၄.၆၈ သန်းကီလိုဝပ်နာရီ ပျဉ်းမျှထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)