ကျွန်းလှ ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ် နွေစပါး ဧက ၁၆၀ ကျော်စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ ယခုနှစ် နွေရာသီ စပါးစိုက်ပျိုးဖို့ ၁၆၆ ဧကလျာထားပါတယ်။ စိုက်ပျိုးရာမှာ သဖန်းဆိပ်ဆည်ရေကျ၊ ဘိုယားတမံဆည်ရေနဲ့ ချောင်းရေ၊ မြေအောက်ရေတင်ပြီးစိုက်ပျိုးကြပါတယ်။ အရင်နှစ်နွေရာသီမှာ စပါး ၂၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တောင်သူတွေ တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလာကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ နွေစပါးစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသရာသီဥတုနှင့် ကိုက်ညီသည့်သက်တမ်းတို မျိုးကောင်း မျိုးသနိ့ စပါးမျိုးများရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေးစသည့် စိုက်ပျိုးရေးဆိုင်ရာများ ကွင်းဆင်းအသိပညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ