ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သင်တန်း၊ လက်ရက်ကန်းသင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ

လွိုင်ကော် ဇန်နဝါရီ ၁၇

ကျေးလက်နေပြည်သူများ ချည်မျှင်၊ အထည်အလိပ်နှင့် ရက်ကန်းဆိုင်ရာ ပညာများသိရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ကယားပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(လွိုင်ကော်)၌ ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ (၁)နှစ်သင်တန်း၊ လက်ရက်ကန်း(၆)လသင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ကကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသည် ကျေးလက်ဒေသထွက် ကုန်ကြမ်းများအပေါ်အခြေခံသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းများနှင့် မြန်မာ့ရိုးရာ ယွန်း၊ ရက်ကန်း၊ ပန်း (၁၀) မျိုးအပါအဝင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် တီထွင်ဆန်းသစ်နိုင်ရေး အားပေးကူညီရန်ဆိုသည့် ဌာန၏ရည်မှန်းချက်နှင့်အညီ ဒေသခံတိုင်းရင်းသူ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးလျက်ရှိကြောင်း၊ ရက်ကန်းသင်တန်းကျောင်းအနေဖြင့် ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ (၁)နှစ်သင်တန်း၊ လက်ရက်ကန်း (၆) လသင်တန်းနှင့် အခြေခံ စက်ချုပ်သင်တန်းများ အပြင် ကာလတိုသင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများ အားလုံး နည်းပြများသင်ကြားပို့ချပေးသည့် စာတွေ့လက်တွေ့ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်အောင် စနစ်တကျမှတ်သား လေ့လာသင်ယူကြရန်နှင့် လက်တွေ့ပြန်လည်အသုံးချရန် စသည်ဖြင့် ပြောကြားသည်။

ထို့နောက်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများနှင့် ပြည်နယ်အစိုးရအဖွဲ့မှပံ့ပိုးသည့် ဆန်နှင့် ဆီများကိုပေးအပ်ရာ သင်တန်းသူ (၂) ဦးက လက်ခံ ရယူခဲ့သည်။

ဆက်လက်၍ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလင်းထွဋ်မိုးက ပုံမှန်သင်တန်းများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း (လွိုင်ကော်) ကျောင်းအုပ်ဒေါ်မြမြချိုက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် လက်ရက်ကန်း(၆)လသင်တန်း၌ ဘာသာရပ်(၅)ခု၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ(၁)နှစ်သင်တန်း၌ ဘာသာရပ်(၇)ခု နှင့် အခြေခံစက်ချုပ်သင်တန်း၌ ဘာသာရပ်(၉)ခုကို သင်တင်းသူ (၂၆) ဦးအား စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)