လွိုင်ကော် ဇန်နဝါရီ ၂၁
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ထေးငှားလျားကန်ပတ်ဝန်းကျင် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ကယားပြည်နယ်လွှတ်တော်ရုံးပြင်ဆင်ထားရှိမှု၊ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ ပင်စင်လစာထုတ်ယူနေမှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့ ထေးငှားလျားကန်သို့ရောက်ရှိပြီး ကန်ပတ်ဝန်းကျင်မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။ ပြည်နယ် ဝန်ကြီးချုပ်က ကန်နှင့်ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ပြည်သူများစိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေနားနေနိုင်ရေးအတွက် ပန်းအလှပင်များကို စိမ်းလန်း စိုပြည်လှပနေစေရေးနှင့် ပျက်စီးမှု၊ ဖျက်ဆီးခံရမှုမရှိစေရေး စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်လွှတ်တော်ရုံးသို့ ရောက်ရှိကာ တတိယအကြိမ်လွှတ်တော်အစည်းအဝေးများကျင်းပနိုင်ရေးအစည်းအဝေးခန်းမများ၊ ရေးရာကော်မတီခန်းမဆောင်များ၊ နားနေခန်းများနှင့်ရုံးခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးက ဝန်ထမ်းတာဝန်ထမ်းဆောင်မှုအခြေအနေ၊ တတိယအကြိမ်လွှတ်တော်အစည်းအဝေးကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ရုံးနှင့်ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် တတိယအကြိမ်လွှတ်တော်အစည်းအဝေးအား အောင်မြင်စွာ ကျင်းပနိုင်ရေး Roll Play ကြိုတင်လေ့ကျင့်ခြင်းကို စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့နောက် လွိုင်ကော်မြို့၊ မြန်မာ့စီးပွားရေးဘဏ်သို့ ရောက်ရှိပြီး နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) များအား ပင်စင်လစာထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှု၍ ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေး စကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူးတို့က နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား)များအား အခြေခံစားကုန် ဆန်၊ ဆီ၊ ကြက်ဥနှင့် နံနက်စာများကို ထောက်ပံ့ ပေးအပ်ခဲ့ကာ ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ပြည်နယ် ပြည်သူ့ဆေးရုံကြီး ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လွိုင်ကော်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက်(Biomatric) ကောက်ယူပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)