ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

လွိုင်ကော်      ဇန်နဝါရီ  ၂၁

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့်အဖွဲ့ဝင်များသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်စုပေါင်းရုံး၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ၂၂၄ ပေ x ၁၂၈ ပေ (၃) ထပ် အဆောက်အအုံပြင်ဆင်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှု၍ အဆောက်အအုံများ ရေရှည်တည်တံ့ရေးနှင့် သဘာဝဘေးအန္တရာယ် ဒဏ်ခံနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်သွားရန်၊ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် အရည်အသွေးစစ်ဆေးရေးအဖွဲ့ကို စနစ်တကျဖွဲ့စည်းတာဝန်ပေးအပ်၍ ကြီးကြပ်ဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများအလိုက် ရုံးခန်းများ နေရာချထားရေးကို အမြန်ဆုံးဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ဒေါဉခူရပ်ကွက် ပြည်နယ်လျှပ်စစ်ရုံးဝင်းအတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ၇၈ ပေ x ၅၇ ပေ x ၄၆ ပေ (၄) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုကို  ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်အချိန် ကာလအတွင်းပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး ဆောင်ရွက်သွားရန်၊ လုပ်ငန်းသုံးပစ္စည်းများ၏ အရည်အသွေးစံချိန်စံညွှန်းများ ပြည့်မီရေးကို ဂရုတစိုက် စစ်ဆေးဆောင်ရွက်ရန်၊ လုပ်သားအင်အားနှင့် အလုပ်ချိန်တိုးမြှင့်ဆောင်ရွက်သွားရန်နှင့်  မြေပြင်လုပ်ငန်းများသာမက ရုံးလုပ်ငန်းများပါ စနစ်တကျ အချိန်မီပြီးစီးစေရန် သက်ဆိုင်ရာဌာနများမှလည်း  ကြီးကြပ်ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီရိမင်္ဂလာပုံဟော်ကြီး ကျောင်းတိုက်သို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာအားဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကာ ဆရာတော်ထံမှ ဩဝါဒခံယူခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)