ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်မှု ကြည့်ရှုအားပေး

လွိုင်ကော် ဇန်နဝါရီ ၂၄

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဌာနဆိုင်ရာရုံးများနှင့် ရုံးပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဝန်ထမ်းများနှင့် ကျောင်းသား/သူများက ရုံးနှင့်ကျောင်းပတ်ဝန်းကျင် သာယာလှပရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းထိုင်ဘုန်းကြီးကျောင်းဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်၍ ဝန်ထမ်းများ ရုံးဝန်းနှင့် ရုံးပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး ခဲ့သည်။ ဆက်လက်၍ မင်္ဂလာရပ်ကွက်သို့ သွားရောက်ကာ ရပ်ကွက်နေပြည်သူများနှင့် စည်ပင်သာယာရေးဝန်ထမ်းများက ရပ်ကွက်အတွင်းလမ်းများ သန့်ရှင်းသာယာရေး စုပေါင်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနရုံး များတွင်  ဝန်ထမ်းများက ရုံးနှင့်ရုံးပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးခဲ့ကာ ဝန်ထမ်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေဖြင့်  ပြည်နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မင်းစုရပ်ကွက်၊ ဆေးရုံကြီးဘေး လမ်း(၁) ကျောက်စီရေမြောင်း အရှည် (၃၅၀ မီတာ) တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးနှင့် စံချိန်စံညွှန်းပြည့်မီစွာဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)