စစ်ကိုင်းမြို့တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် ထမနဲထိုးပြိုင်ပွဲ ကျင်းပ

စစ်ကိုင်း ဖေဖော်ဝါရီ ၁

စစ်ကိုင်းမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်း၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပိုးတန်းရပ်ကွက်ရှိ မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး အကဲဖြတ်ဒိုင်များက ပါဝင်ပစ္စည်းများ ပြင်ဆင်ခင်းကျင်း ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ထမနဲထိုးပြိုင်ပွဲအား စတင်ခဲ့သည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၁၆) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်အသင်းများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)