ကယားပြည်နယ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

လွိုင်ကော် ဖေဖော်ဝါရီ ၁

ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တပို့တွဲလ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက်နေ့ ညနေပိုင်းက လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ဒေသကွပ်ကဲရေးမှူးနှင့် ဇနီး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသနေတိုင်းရင်းသားပြည်သူများနှင့်အတူ တက်ရောက်ဆင်နွှဲခဲ့သည်။

ဦးစွာ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အကဲဖြတ်အမှတ်ပေးရေးနှင့် ဆုချီးမြှင့်ရေးဆပ်ကော်မတီဥက္ကဋ္ဌက ထမနဲထိုးပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းတင်ပြပြီး အချက်ပေးမောင်း တီးခတ်၍ ထမနဲထိုးပြိုင်ပွဲ စတင်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြိုင်ပွဲဝင်အသင်းများက စည်းလုံးညီညွတ်စွာဖြင့် တပျော်တပါး ပါဝင်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ ဆက်လက်၍ ထမနဲထိုးပြိုင်ပွဲသို့ လာရောက်သည့် တိုင်းရင်းသားယဉ်ကျေးမှု အတီးအမှုတ်အကအဖွဲ့များ၏ ဖျော်ဖြေမှုများကို အားပေးခဲ့ကြသည်။

ဆက်လက်၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရှိသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ ဒုတိယဆုရရှိသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ခ)အသင်းနှင့် တတိယဆုရရှိသည့် လှုမှုရေးရာဝန်ကြီးဌာနအသင်းတို့အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အထူးဆုရရှိသည့်အသင်း (၁၉) သင်းတို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါတပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးဌာနများ၊ ပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်အသင်း (၂၂) သင်းတို့က ပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)