ကယားပြည်နယ်ဝန်ကြီးချုပ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

လွိုင်ကော်   ဖေဖော်ဝါရီ   ၂

ကယားပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးနှင့် ဌာနဆိုင်ရာများတက်ရောက်ကြသည်။

အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “တို့အင် တို့အား” သီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာမတတ်သူများ စာတတ်မြောက်ပြီး လူနေမှုဘဝမြင့်မားရေးဆိုင်ရာ အသိပညာပေး အစီအစဉ်များကို သိရှိလေ့လာနိုင်စေရန်နှင့် အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းများ မြင့်မားစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စာတတ်မြောက်ခြင်းသည် အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်ရုံမျှမက နိုင်ငံတော်တည်ဆောက်ရေးအတွက် အခြေခံအကျဆုံး အုတ်မြစ်ဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းအောင်မြင်ပြီးဆုံးပါက အခြေခံ မြန်မာစာ၊ သင်္ချာဘာသာ အရေး၊ အဖတ်၊ အတွက်များကို ကျွမ်းကျင်တတ်မြောက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဇွဲ၊ လုံ့လ၊ ဝိရီယဖြင့် ကြိုးစားသင်ယူကြရန်နှင့် စာတတ်မြောက်ခြင်းဖြင့် ဘဝသစ်ကို တည်ဆောက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(စာတတ်မြောက်ရေး)က ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အတွက် ချီးမြှင့်ငွေများကို ပြည်နယ်ပညာရေးမှူးထံသို့လည်းကောင်း၊ စာရေးကိရိယာနှင့်သင်ထောက်ကူပစ္စည်းများကို ဒုတိယညွှန်ကြားရေးမှူးထံသို့လည်းကောင်းပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒေသကွပ်ကဲရေးမှူးက စာသင်သားများနှင့် စာသင်ဝိုင်းသုံးပစ္စည်းများကို ပေးအပ်ရာ သင်တန်းနည်းပြကိုယ်စားလှယ် နှစ်ဦးက လက်ခံရယူခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” သီချင်းဖြင့် သီဆိုဖျော်ဖြေမှုူကို ကြည့်ရှုအားပေးခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသည့် ကယားပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

အဆိုပါ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနတို့၏ ပံ့ပိုးကူညီမှုဖြင့် လွိုင်ကော်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာစုရပ်ပေါင်း (၁၅)နေရာ၊ စာသင်ဝိုင်း(၁၈) ဝိုင်း၌ ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၁၃ ရက်အထိ ရက်ပေါင်း (၄၀) ကြာ၊ သင်ကြားချိန် နာရီပေါင်း (၁၂၀)ကြာ သင်တန်းသား/သင်တန်းသူ (၁၉၈) ဦးအားသင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

ပြည်နယ် (ပြန်/ဆက်)