ကန့်ဘလူ ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၏ ကျက်သရေဆောင် မဟာရွှေစည်ကြီးစေတီတော် (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်က စေတီတော်ကြီး၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးမှ ဆရာတော် သံဃာတော် အပါး(၂၇၀)နှင့်သီလရှင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နေ ပြည်သူများက ဆွမ်းဆန်စိမ်းနှင့်ဝတ္ထုငွေများ လောင်းလှူကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မဟာရွှေစည်ကြီး ဘုရားပွဲတော်၌ လူဦးရေ ၁၀၀၀၀ အား စတုဒီသာထမင်းနှင့်ကော်ဖီများ တိုက်ကျွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ပြီး ဧည့်ခံကျွေးမွေးပွဲသို့ လာရောက်ကြသောပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ရတနာတင်လင်းဆိုင်းအဖွဲ့ ဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် ဘုရားပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားကို သာသနာဗိမာန်တော်၌ ကျင်းပရာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဣန္ဒေဘာသထံတော်မှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်များ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုတို့အတွက် ရေစက်ချအမျပေးဝေ၍ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲနှင့် နေအိမ်အဆောက်အဦ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကိုကိုလှိုင်က ဒေသတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အချက်အလက်များအား Power Point ဖြင့် ရှင်း လင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးတို့က ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များတွင် မိမိတို့တာဝန်ယူ ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကောက်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် တည်ဆောက် ရေးလုပ်ငန်းများအားလုံး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ ဒေသခံပြည်သူများ စားရေရိက္ခာဖူလုံစေရေးအတွက် ခရိုင်အတွင်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးနှင့် စိုက်ပျိုးထားသည့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီး သယံဇာတရေးရာဝန် ကြီးတို့က ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်များရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတာဝန်ထမ်း ဆေါင်နေသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းစီအား အသီးသီးပေးအပ်ကြသည်။ ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကန့်ဘလူမြို့ အောင်သပြေမြို့ကွက် သစ်တွင် ဖော်ထုတ်ခဲ့သည့် မြေကွက်များအတွင်း နေအိမ်အဆောက်အဦ ( ၁၀၀)လုံးအား နေရပ်စွန့်ခွာ ပြည်သူများ၊ တာဝန်ထမ်းဆောင်စဥ် ကျဆုံး/ ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့သည် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များအား နေအိမ်အဆောက်အဦ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေး အပ်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)