ပေါင်မြို့နယ်၌ (၇၉) နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

ပေါင် ဖေဖော်ဝါရီ ၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ (၇၉) နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ကဒါရပ်ကွက်၊ ကမ္ဘာအေးစေတီဘုရား၌ ယမန်နေ့နံနက် (၇) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ (၇၉) နှစ်မြောက် မွန်အမျိုးသားနေ့ အလံလွှ့င်ထူပြီးတာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ မွန်အမျိုးသား နိုင်ကျော်သန်းက မွန်အမျိုးသားတို့သည် စည်းလုံးညီညွှတ်မှုရှိခြင်း၊ ဇာတိသွေး၊ ဇာတိမာန်ရှိသောလူမျိုးဖြစ်ခြင်း၊ မွန်အမျိုးသားနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပနိုင်အောင် ကူညီဆောင်ရွက်ပေးကြသည့် အတွက်ဂုဏ်ယူပါကြောင်း အမှာစကားပြောကြားသည်။

ထိုနောက် ကဒါရပ်ကွက် (၇၉) နှစ်မြောက်မွန်အမျိုးသားနေ့အထိမ်းအမှတ် ကျင်းပနိုင်ရေးကော်မတီဥက္ကဋ္ဌ နိုင်ညီလေးက မွန်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းရင်း တိုင်းရင်းသားညီအစ်ကိုများနှင့် လည်းစည်းလုံးညီညွတ်ရေးအတွက် ကြိုးစားဆောင်ရွက်သွားရန် စာပေဆပ်ကော်မတီမွန်လူငယ်ဖြစ်သော နိုင်အောင်မျိုးလင်းက မွန်အမျိုးသားများ စာပေနှင့်ယဥ်ကျေးမှုများ ဆိုင်ရာမ ပပျောက်စေရန် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပါကြောင်း၊ မွန်လူငယ်နိုင်ညီညီမင်းသော်ကလည်း မွန်ရာဇဝင်အကြောင်းရှင်းလင်းပြောကြားခြင်းနှင့် မွန်အမျိုးသားနေ့နှင့်ပတ်သက်သည့် မြေစိုက်ပိုစတာများ စိုက်ထူးရခြင်း၏ ရည်ရွယ်ချက်များအားချပြရှင်းလင်းခဲ့သည်။

နေ့လယ်ပိုင်းတွင် သံဃာတော်များထံမှ တရားနာယူပြီး ဆွမ်းနှင့်လှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများပြုလုပ်ခြင်း၊ညနေပိုင်း၌ ပုံပြင်၊ ကဗျာရွတ်ပြိုင်ပွဲများတွင်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအပြင် မွန်အကပဒေသာများဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

(၇၉) နှစ်မြောက် မွန်အမျိုးသားနေ့ကျင်းပခြင်းဖြင့် မွန်တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့ထုံးတမ်းများကို ဖော်ထုတ်နိုင်ပြီး မွန်လူငယ်များအနေဖြင့်မိမိတို့၏ တိုင်းရင်းသားစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကို မပျောက်မပျက်အောင် ဂရုပြုကာ လက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်ကာ မွန်အမျိုးသားနေ့အား အစဉ်အဆက်လက်ဆင့်ကမ်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)