ကျိုက်ထို ဖေဖော်ဝါရီ ၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှအရန်မီးသတ် တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၆) ကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာန၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကျိုက်ထိုမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးတင့်လွင်မှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ယခုဖွင့်လှစ်သည့်သင်တန်းသည် အလွန်ကောင်းမွန်ပါကြောင်း၊ ဘေးအန္တရာယ်နဲ့ကြုံတွေ့လာပါက သင်တန်းမှသင်ကြားပို့ချပေးသည့် ပညာရပ်များဖြင့်ဆုံးရှုံးမှုတန်ဖိုး အနည်းဆုံးဖြစ်စေရေး ဝိုင်ဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ သင်ကြားပေးသည့် ဘာသာရပ်များကိုလည်း စနစ်တကျလေ့လာသင်ယူကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊မြို့နယ်ဦးစီးအရာရှိ ဦးဝေယံအောင်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့်သင်တန်းတွင်သင်ကြားပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားပြီး သင်တန်းသားများအား အရန်မီးသတ်တပ်ဖွဲ့ဝင်ဝတ်စုံများကို မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ ရပ်ကွက်၊ ကျေးရွာများမှသင်တန်းသား (၅၀) ဦး တက်ရောက်ပြီး သင်တန်းတွင် အခြေခံလက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ မီးသတ်ပညာဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေးဘာသာရပ်၊ မီးငြိမ်းသတ်ရေး ဘာသာရပ်များအား ဖေဖော်ဝါရီ ၂ ရက်နေ့မှဖေဖော်ဝါရီ ၂၇ ရက်နေ့ထိ (၄) ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာနမှသိရသည်။
ပြည့်ဖြိုး (ပြန်/ဆက်)