မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း "အဂတိလိုက်စားမှုပပျောက်ရေး လူငယ်များရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေး" လူငယ်စကားဝိုင်း အခမ်းအနားသို့ တက်ရောက်

မော်လမြိုင် ဖေဖော်ဝါရီ ၆

မွန်ပြည်နယ်၊ "အဂတိလိုက်စားမှုပပျောက်ရေး လူငယ်များရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေး" လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်၊ ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယခုလို လူငယ်စကားဝိုင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပပြုလုပ်ခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ကျောင်း၊ လူမှုပတ်ဝန်းကျင်နဲ့ နေ့စဉ်ဘဝတွေမှာ အကောင်းအဆိုး၊ အကြောင်းအကျိုးကို မှန်ကန်စွာဝေဖန်ပိုင်းခြားနိုင်ခြင်း၊ ဖြောင့်မတ်တည်ကြည်မှုကို ကိုယ်ပိုင်အသိတရားဖြင့် လက်တွေ့ကျင့်သုံးလာနိုင်ခြင်း၊ အခြေခံစည်းမျဉ်း စည်းကမ်း၊ ကျင့်ဝတ်များ၊ ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းရဲ့အကြောင်းအရင်းများနဲ့ အဂတိလိုက်စားမှုအန္တရာယ်တွေကို သိရှိနားလည်နိုင်မှာပဲဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် ကောင်းမွန်သောကိုယ်ကျင့်တရား၊ ဖြောင့်မတ်တည်ကြည်မှု၊ လူမှုတန်ဖိုးများ၊ လူမှုကျင့်ဝတ်များကို လေးစားလိုက်နာတတ်စေရန်နဲ့ အမှားအမှန်ခွဲခြားတတ်စေရန်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး အခြေခံပညာကျောင်းတွေမှာ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး Edutainment အစီအစဉ်များ၊ လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ကျင်းပတဲ့ လူငယ်စကားဝိုင်းမှ ကောင်းမွန်တဲ့ရလဒ်တွေ၊ ဆန်းသစ်တဲ့အမြင်တွေထွက်ပေါ်လာပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုတွေမှာ လူငယ်များအားတတ်သရော ပါဝင်လာနိုင်စေဖို့လည်း မျှော်လင့်မိပါကြောင်းနှင့် အဂတိလိုက်စားမှုကို ရဲရဲဝံဝံဆန့်ကျင်တဲ့ နိုင်ငံချစ်စိတ်ရှိတဲ့ လူငယ်မျိုးဆက်သစ်တွေ အများအပြားပေါ်ထွက်လာပါစေကြောင်းနဲ့ အဂတိကင်းစင်တဲ့ လူ့အဖွဲ့အစည်းကို အတူတကွတည်ဆောက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က အဂတိလိုက်စားမှုပပျောက်ရေး လူငယ်များရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေးလူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပပြုလုပ်ရာ အဂတိလိုက်စားမှုပပျောက်ရေး လူငယ်များရဲ့အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခြင်း၊ ပြန်လည်ရှင်းလင်း ဖြေကြားခြင်းတို့ဆောင်ရွက်ခဲ့ကြပြီး မော်လမြိုင်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်မှ ကော်မရှင်အမှတ်တံဆိပ်ပါ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)