စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် Cash for Work စီမံကိန်း လုပ်ငန်းခွဲ (၁၅)ခုဖြင့်ဆောင်ရွက်

မုံရွာ သြဂုတ် ၅

ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ဝင်ငွေများရရှိစေရန် Cash for Work စီမံကိန်းကို ဖော်ဆောင်ရန် စီစဉ်လျက်ရှိရာ တမူးခရိုင်အတွင်းရှိ ကျေးရွာ(၆)ရွာတွင် လုပ်ငန်းခွဲ (၁၅)ခု ကို အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိကြောင်း တမူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာခင်၏ ပြောကြားချက်အရ သိရသည်။

လုပ်ငန်းများအကောင်အထည်ဖော်ဆောင်နေမှုအနေဖြင့် ကမ္မကြီးကျေးရွာတွင် အကောင်အထည် ဖော်မည့် လုပ်ငန်းခွဲ(၃)ခု အား ဇူလိုင်လ(၂၄)ရက်နေ့တွင်လည်းကောင်း၊ ရေအေးကျေးရွာနှင့် နန်းမွန်းတား ကျေးရွာ တို့တွင် အကောင်အထည်ဖော် ဆောင်မည့် လုပ်ငန်းခွဲ(၄)ခုအား သြဂုတ်လ(၄)ရက်နေ့တွင် လည်းကောင်း စတင်လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

တမူးခရိုင်အတွင်း Cash for Work စီမံကိန်းကို ဖော်ဆောင်မှုအနေဖြင့် ကမ္မကြီးကျေးရွာတွင် ကျောင်း ခြံစည်းရိုး ကာရံခြင်းနှင့် ရေပြွန်(၄)စင်း တည်ဆောက်ခြင်း၊ ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းအားလည်းကောင်း၊ နန်းမွန်းတားကျေးရွာ တွင် ကျောင်းခြံစည်းရိုးကာရံခြင်း၊ ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းအားလည်းကောင်း၊ နန်းအောင်မော် ကျေးရွာတွင် ရေမြောင်းတူးဖော်ခြင်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းအားလည်းကောင်း၊ ရေနန်းကျေးရွာတွင် အားကစားကွင်း ပြုပြင်ခြင်းနှင့် မြောင်းကူးသစ်သားတံတား(၈)စင်း ပြုပြင်ခြင်းလုပ်ငန်းအား လည်းကောင်း၊ ဖိုင်လင်းကျေးရွာတွင် ကွန်ကရစ် တံတားတည်ဆောက်ခြင်း ရေပြွန်(၄)စင်း တည်ဆောက်ခြင်းနှင့် ရေမြောင်း တူးဖော်ခြင်း လုပ်ငန်းအားလည်းကောင်း၊ နောင်ကတ် (ရွာဟောင်း) ကျေးရွာတွင် ရွာတွင်းလမ်းသဲကျောက်ခင်းခြင်း၊ ကွန်ကရစ် တံတားတည်ဆောက်ခြင်း ရေမြောင်း တူးဖော်ခြင်း လုပ်ငန်းအားလည်းကောင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)