လယ်ဝေးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေနောက်မျောပါပျက်စီးဆုံးရှုံး သွားသည့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်

လယ်ဝေး      ဩဂုတ်  ၅

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် ဩဂုတ်(၃)ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေနောက်မျောပါပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုများ အား ယမန်နေ့နံနက် (၁၁) နာရီခွဲ က နေပြည်တော် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ကျေးရွာများသို့ သွားရောက် ပေးအပ်ခဲ့သည်။

လယ်ဝေးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေများမြင့်တက်လာပြီး သဲဖြူကမ်းပါးပြိုကျမှုမှ ကာကွယ်ရန်အတွက် ကြိုတင်ဖျက်သိမ်းခဲ့သည့် ဦးဝင်းဌေးဦး၏ အိမ်ထောင်စုအတွက်လည်း‌ကောင်း၊ သစ်ပုတ် ပင် ကျေးရွာမှ လူနေအိမ်မျောပါသူ ဦးထွန်းလင်းအောင်နှင့် ဦးကျော်သက်ဖြိုးတို့၏ အိမ်ထောင်စု အတွက် လည်းကောင်း၊ ကြိုတင်လူနေ အိမ်ဖျက်သိမ်းခဲ့သည့် ဦးကျော်ကျော်၊ ဒေါ်တင်အုံးတို့၏ အိမ်ထောင်စု အတွက်လည်းကောင်း၊ ကျေးတန်းကူးကျေးရွာမှ ဦးဇော်မင်းထွန်း၏နေအိမ် ချောင်းကမ်းပါးပြိုကျမှု မှကာကွယ် ရန် ကြိုတင်ဖျက်ခဲ့ခြင်းအတွက်လည်းကောင်း ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေ (၇၃၇၈၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေ၊ နေပြည်တော် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပေးအပ်ခဲ့ကြောင်း သိရသည်။

နေဇော်ချစ်(ပြန်/ဆက်