စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော်၊သံဃာတော်များအား ဆွမ်း/ဆွမ်းဟင်းများလောင်းလှူပွဲ တက်ရောက်   

မုံရွာ မတ် ၆

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် ၂ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၄ ကျောင်းမှ သီလရှင်ဆရာကြီး/ ဆရာလေးများအား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကို မတ်လ ၅ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ ဆွမ်း၊ ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများက ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ လာရောက်လောင်းလှူကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ နှင့်အရာထမ်း၊အမှုထမ်းများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများ၊ မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိမှ MSME လုပ်ငန်းရှင်များက ဆွမ်း၊ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူရန်ပြင်ဆင်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များက ပင့်သံဃာဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ဆွမ်းဟင်း၊ သစ်သီး၊ အချိုပွဲများနှင့်ဝတ္ထု ငွေများအား လောင်းလှူခဲ့ကြပြီး သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်စိမ်း၊စား သုံးဆီနှင့်လှူဖွယ်ဝတ္ထုငွေများအား ဆက်ကပ်လောင်းလှူကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆-ခုနှစ်၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အကြို အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အား အပြည်ပြည်ဆိုင်ရာစားသုံးသူများအဖွဲ့ (Consumer International)မှ နှစ်စဉ်ဆောင် ပုဒ်များ သတ်မှတ်ထုတ်ပြန်လေ့ရှိပြီး ယခုနှစ်အတွက် ဆောင်ပုဒ်ကတော့ (“Safe Products Confident Consumers”) “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ” ဖြစ်ပါကြောင်း၊ စားသုံးသူအခွင့်အရေးဆိုသည် လူတိုင်းနှင့်သက်ဆိုင်သည့်ကိစ္စဖြစ်ပါကြောင်း၊ စားသုံးသူပြည်သူများ အနေဖြင့် မိမိတို့၏စားသုံးသူအခွင့်အရေးများ ချိူးဖောက်ခံရပါက အရေးဆိုတိုင်ကြားရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ အစိုးရဌာနများမှလည်း စားသုံးသူနစ်နာမှုများနှင့်ပတ်သက်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများအား ပြုလုပ်ကြရမည် ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များမှလည်း စားသုံးသူကာကွယ်ရေးဥပဒေ အပါအဝင် သက်ဆိုင်ရာဥပဒေများ၊ အမိန့်၊ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ စားသုံးသူပြည်သူများမှလည်း စားသုံးသူအခွင့်အရေးများအား ကာကွယ်ပေးနေသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများရှိနေပြီဖြစ်သည့်အတွက် စားသုံးသူနစ်နာမှု တွေ့ကြုံလာရပါက သက်ဆိုင်ရာဌာနများသို့ တိုင်ကြားခြင်းဖြင့် မျှတသည့် စီးပွားရေးပတ်ဝန်း ကျင်ကောင်းတည်ဆောက်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 ယင်းနောက် တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးက ကော်မတီ၏ဆောင်ရွက်နေမှု လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဓေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့နှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားသို့ တက်ရောက်လာ သူများမှ ၂၀၂၆-ခုနှစ်၊ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်းခင်း ကျင်းပြသထားသည့် စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေးပြခန်းအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)