ဟုမ္မလင်း မတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မူလတန်းကြိုကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို၊ ယနေ့နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်များက (၃၈)ဖြာမင်္ဂလာအဖွင့်သီချင်းဖြင့် ဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး ဟုမ္မလင်းမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ ဒေါ်ဒုံစေ့ကအခမ်းအနား အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသင်းအမှုဆောင်၊ ဒေါ်မြင့်မြင့်အေးကအမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ မူလတန်းကြိုကျောင်းဆင်းဂုဏ်ပြုလက်မှတ်များကို၊ ဟုမ္မလင်း၊ မြို့မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ ဒေါ်ဒုံစေ့နှင့် တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးခဲ့ကြ၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသည့် သားငယ်သမီးငယ်များနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမူကြိုဆရာမ(၃)ဦးအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြင့်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ယင်းနောက်၊ ဟုမ္မလင်းမြို့မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ မူလတန်းကြို သားငယ်သမီးငယ်များမှ ပဒေသာအကအလှစုံလင်စွာဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး၊ တာဝန်ရှိသူများက သားငယ်သမီးငယ်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဟုမ္မလင်းခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ ဒေါ်ခင်ပပစိုးနှင့် အဖွဲ့ဝင်များ၊မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ ဒေါ်ဒုံစေ့နှင့်အဖွဲ့ဝင်များ၊ မူလတန်းကြိုကျောင်းမှ ဆရာမများ၊ မူလတန်းကြိုကျောင်းသားမိဘများ မူလတန်းကြိုသားငယ်သမီးငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)