မုံရွာ မတ် ၁၈
မုံရွာမြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ရာ မတ် ၁၇ ရက်နေ့ ၁၂ နာရီအချိန်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသားကျောင်းသူ ၁၁၇၅ ဦးအေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့သည်။
မုံရွာမြို့နယ်အတွင်း၌ စာစစ်ဌာန ၄ ခု သတ်မှတ်ထားပြီး အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ စာရင်းရှိကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၂၆၆ ဦးရှိရာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၁၇၅ ဦး၊ ပျက်ကွက် ကျောင်းသားကျောင်းသူ ၉၁ ဦး ရှိကြောင်း၊ ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတွင် စာရင်းရှိကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၄၆ ဦးရှိရာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၄၆ ဦး၊ ပျက်ကွက်မရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း ဦးဆောင်ကာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက စာစစ်ဌာနပတ်ဝန်းကျင်များ၌ ဆူညံသံများမဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရေးစသည်တို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)