ကယားပြည်နယ်ဝန်ကြီးချုပ် ကျောင်းသားကျောင်းသူများ စာမေးပွဲ ဖြေဆိုနေမှု ကြည့်ရှုအားပေး၊ ကယားပြည်နယ် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် အစီအစဉ်တကျ ကြပ်မတ်ဆောင်ရွက်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

လွိုင်ကော် မတ် ၂၀

၂၀၂၆ ခုနှစ်၊ လွိုင်ကော်မြို့ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ချိကယ်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေကြသည့် အစိုးရနည်းပညာအထက်တန်းကျောင်း (လွိုင်ကော်) မှ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် မတ် ၁၈ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စာဖြေခန်းများအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲအောင်မြင်စွာ ဖြေဆိုနေမှုကိုကြည့်ရှုပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရန် စီမံထားရှိမှုများ၊ စာမေးပွဲဖြေဆိုခန်းများနှင့် ကျောင်းပရိဝုဏ် အတွင်း/အပြင်၌ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေးကြီးကြပ်ဆောင်ရွက်နေမှုများကို ကြည့်ရှုကာ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာဘာသာရပ်များအလိုက် စာမေးပွဲဝင်ရောက်ဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် မှာကြားကာ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်ရှိ ဆရာဆရာမများ၊ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) တွင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း (၅၆) ဦးရှိပြီး စာမေးပွဲများကို မတ်လ ၂၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ နည်းပညာတက္ကသိုလ် (လွိုင်ကော်) တွင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူပေါင်း (၈၁) ဦးရှိပြီး စာမေးပွဲများကို မတ်လ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၅-၂၀၂၆ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေကျပ် ၁၅၄ ဒသမ ၉ သန်းဖြင့် ဆောင်ရွက်ထားရှိသည့် ကွန်ပျူတာတက္ကသိုလ် (လွိုင်ကော်) ၏ ခြံစည်းရိုးအုတ်တံတိုင်း ၁၅၅၀ပေ တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ကယားပြည်နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် အစီအစဉ်တကျ ကြပ်မတ်ဆောင်ရွက်နိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်စက်သုံးဆီကြီးကြပ်ရေး ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့အနေနှင့် စက်သုံးဆီ ခြိုးခြံချွေတာရေးနှင့် ဖူလုံရေးအတွက် အမှန်တကယ်လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်ရေး နိုင်ငံတော်ကဆောင်ရွက်လျက်ရှိသည့် အစီအမံများအတိုင်း စိစစ်ကြီးကြပ်လျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာရေးနှင့်ဖူလုံရေး အသိပညာပေးကာလကို မတ်လ ၃ ရက်မှ ၁၃ ရက်အထိ ဆောင်ရွက်ခဲ့ပါကြောင်း၊ စက်သုံးဆီမပြတ်လပ်စေရေးနှင့် ဝယ်ယူသုံးစွဲမှုအဆင်ပြေရေးအတွက် ညွှန်ကြားချက်များနှင့်အညီ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံရေးပတ်သက်၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)