ဇေယျာသီရိ မတ် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နွေရာသီအခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြစန်းရီက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ဝါသနာကို အကောင်အထည်ဖော်နိုင်စေရန်၊ မိမိတို့အားလပ်ချိန်များတွင် အတတ်ပညာတစ်ခုခုကို လေ့လာမှတ်သားခွင့် ရရှိသည့်အတွက် များစွာအကျိုးရှိပါကြောင်းနှင့် ပန်းချီဆွဲခြင်းသည် ကလေးများ၏ စိတ်ကူးစိတ်သန်းများကို လွတ်လပ်စွာဖော်ထုတ်ခွင့်ပေးခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိသည်တို့ကို ပြောကြားခဲ့သည်။
အဆိုပါ နွေရာသီပန်းချီရေးဆွဲနည်းသင်တန်းကို ပြည်သူ့စာကြည့်တိုက်အနီးရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ ၅၀ ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းဆရာ ကာတွန်းအိမောင်က အခြေခံပန်းချီပညာများဖြစ်သည့် မျဉ်းကွေး၊ မျဉ်းမတ်၊ မျဉ်းစောင်း၊ စက်ဝိုင်းများ၏ သဘောတရားများနှင့် အရောင်အနု/အနုအရင့် ရေးချယ်ခြင်းများကို စာတွေ့၊ လက်တွေ့ မတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း (ဇေယျာမြေ)