စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းရှိ ကျေးရွာ(၆) ရွာသို့ VRFP ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်

အင်းတော် ၊ ဩဂုတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ (Village Revolving Fund Project - VRFP ) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ( ၆ ) ရွာသို့ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က အင်းတော်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွား ထိခိုက်မှုများဖြစ်ပေါ်နေပြီး လုပ်ကွက်ငယ် တောင်သူ များ၊ ထုတ်လုပ် ရောင်းချသူများ၊ အသေးစားစီးပွားရေးလုပ်ကိုင်နေသူများ အနေဖြင့် စီးပွားရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့ ဆောင်ရွက်နိုင်ရန်၊ သွင်းအားစုနှင့် ငွေကြေး အရင်းအနှီးများ လိုအပ်သည် များကို ပြန်လည်ကုစားနိုင်ရေးအတွက် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း ( Village Revolving Fund Project - VRFP ) စီမံကိန်းကို နိုင်ငံတော်မှ အကောင်အထည် ဖော်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ အင်းတော်မြို့နယ်အနေဖြင့် ( VRFP ) စီမံကိန်းကို ကူးကာကျေးရွာ၊ စဉ့်ခိုးကျေးရွာ၊ စင့်ဟောက်ကျေးရွာ၊ အင်းရွာကျေးရွာ၊ တားဖလာကျေးရွာ၊ လယ်ပြင်ကျေးရွာများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာများအနေဖြင့် ကျေးရွာအတွင်းရှိ အိမ်ခြေအနည်းအများအလိုက် ရန်ပုံငွေများ ရရှိမည်ဖြစ်ပြီး ကျေးရွာအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကျေးရွာကုန်ထုတ်လုပ်ငန်း၊ အသေးစား ရောင်းဝယ်ရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်မင်းနိုင်က ပြောပြခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အင်းတော်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်တို့က အမှာစကားများပြောကြားခဲ့ပြီး၊ အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ( VRFP ) စီမံကိန်းအကြောင်းကို ရှင်းလင်း ဆွေးနွေး တင်ပြခဲ့သည်။ ထို့နောက် စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ (၆) ရွာအား ( VRFP ) စီမံကိန်း ရန်ပုံငွေ ကျပ်သိန်းတစ်ထောင့်ခုနှစ်ရာအား သက်ဆိုင်ရာ ကျေးရွာများသို့ အသီးသီးပေးအပ်ခဲ့သည်။ ၎င်းနောက် စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများကိုယ်စား အင်းရွာကျေးရွာ (VRFP) စီမံကိန်း ကော်မတီ ဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ခန့်ဇော်ပိုင်(အင်းတော် ပြန်/ဆက်)