ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာ လောကရံသီဆုတောင်းပြည့် စေတီတော်မြတ်ကြီး ထီးတော်တင်လှူ၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း 

လွိုင်ကော်   မတ်   ၂၅

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာအုပ်စု  ဒေါပိုးစီကျေးရွာ၌ တည်ထားကိုးကွယ်သည့် လောကရံသီဆုတောင်းပြည့်စေတီတော် ထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်က ဒေါပိုးစီကျောင်းပရဝုဏ်အတွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးအမှူးပြုသော ဧည့်ပရိသတ်များက ရတနာသီရိကျောင်း ဆရာတော် ဘဒ္ဒန္တဝေပုလ္လ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြ သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ရတနာသီရိကျောင်းဆရာတော်ထံသို့ စိန်ဖူးတော်နှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဒေသကွပ်ကဲရေးမှူးက ငှက်မြတ်နားတော်နှင့်လှူဖွယ်ပစ္စည်းများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရွှေထီးတော်ဘုံအဆင့်ဆင့်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရွှေထီးတော်တင်လှူပူဇော်ခြင်းအတွက် အလှူတော်ငွေ ကျပ်သိန်း (၅၀) အားလှူဒါန်းပြီး ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်ကို ပင့်ဆောင်၍ စေတီတော်ကို လက်ယာရစ်လှည့်လည်ပူဇော်ကြပြီး ယာယီမဏ္ဍပ်သို့ ပင့်ဆောင်ကြသည်။ ထို့နောက် လွိုင်ကော်မြို့ နိပုဏရာမကျောင်းတိုက်ဆရာတော် ဘဒ္ဓန္ဒနိပုဏ ဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက စိန်ဖူးတော်၊ ငှက်မြတ် နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို တစ်ဆင့်ချင်းစေတီထက်သို့ တင်လှူပူဇော်ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များက စေတီတော်ကို ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ကြပြီး တာဝန်ရှိသူများနှင့်အလှူရှင်များက ဆရာတော်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကာ အနုမောဓနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ထီးတော်တင်လှူပူဇော်ပွဲတွင် လာရောက်ဖျော်ဖြေ ပူဇော်ခဲ့ကြသည့် လွယ်ထွဲတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၊ ထီရိတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖျော်ဖြေပူဇော်ခဲ့ကြသည့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ (၇) ဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ  ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများက အချင်းချင်းပေါင်းစပ်ညှိနှိုင်း၍ အောင်မြင်အောင်ကြိုးစား ဆောင်ရွက်ကြရန် လိုကြောင်း၊ မြန်မာ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို မပျောက်ပျက်စေဘဲ ပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေးသာမက စက်သုံးဆီခြိုးခြံချွေတာနိုင်ရေးအတွက်  လမ်းလျှောက်သင်္ကြန်ကို အထူးအလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊   မြန်မာ့ရိုးရာယဉ်ကျေးမှုမပျက်သည့် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ဖြစ်စေရေး ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး  ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို တင်ပြသည်။  ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ထပ်ဆင့်တင်ပြ ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)