မုံရွာ မတ် ၂၆
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက စစ်ကိုင်းတိုင်းမှာရှိတဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးတွေက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး အမှိုက်ပုံးများထားရှိပြီး အမှိုက်ပုံး(၄)ပုံးမှာ အမှိုက်များကို အမျိုးအစားခွဲခြားစွန့်ပစ်ပေးရန် ဝန်ထမ်းအားလုံးနဲ့ ဝန်ထမ်းမိသားစုဝင်များကိုပါ ထပ်ဆင့်မှာကြားလိုကြောင်း၊ သယံဇာတရေးရာဝန်ကြီးအနေဖြင့် သန့်ရှင်းသောပတ်ဝန်းကျင်နဲ့ ကောင်းမွန်သော ဂေဟစနစ်ရရှိဖို့ သန့်ရှင်းသောလေထု၊ ရေထု၊ မြေထုဖြစ်စေဖို့၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲဖို့၊ လူမှုပတ်ဝန်းကျင်တစ်ခုလုံး ကျန်းမာဘေးကင်းအသက်ရှည်စေဖို့ အမြဲလိုလားပါကြောင်း၊ ယနေ့တက်ရောက်လာကြတဲ့ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူအားလုံးက သန့်ရှင်းသောပတ်ဝန်းကျင်နဲ့ ကောင်းမွန်သော ဂေဟစနစ်ကိုရရှိဖို့ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇော်မြင့်က အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်တတ်စေရေး သရုပ်ပြလှုပ်ရှားမှု ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများက အမှိုက်အမျိုးအစားခွဲခြားမှု လက်တွေ့သရုပ်ပြသပေးရာ သယံဇာတရေးရာဝန်ကြီးနှင့် တက်ရောက်လာသူများက ကြည့်ရှုအားပေကာ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှု လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ပြီးနောက် ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့သို့ အမှိုက်ပုံး (၄) ပုံးစီပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)