နေပြည်တော် မတ် ၂၆
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြကျေးရွာတွင် ကျေးရွာအတွင်းလမ်း၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ် ၂၆ရက် နံနက် ၈နာရီက အဆိုပါလမ်း မုခ်ဦးရှေ့တွင် ကျင်းပခဲ့သည်။
ထိုကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက မိမိတို့ နိုင်ငံလူဦးရေရဲ့ (၇၀%)ခန့်ဟာ ကျေးလက်ဒေသမှာ နေထိုင်ကြသူများဖြစ်တဲ့အတွက် ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးနိုင်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ကျေးလက်နှင့်မြို့ပြများအကြားဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးနဲ့ ဆင်းရဲမှုလျော့ချနိုင်ရေးအတွက် မူဝါဒများ၊ ရည်မှန်းချက်များ၊ မဟာဗျူဟာများရေးဆွဲချမှတ်ပြီး ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးရေးအစီအစဉ်များကို မြန်ဆန်သွက်လက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသလို နေပြည်တော်ကောင်စီရန်ပုံငွေဖြင့်လည်း ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကလည်း သောက်သုံးရေရရှိရေးများ၊ ကုန်ထုတ်လမ်းတံတားများ၊ မီးလင်းရေးများ၊ ကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက်များနှင့်အညီ မတည်ရန်ပုံငွေစီမံကိန်းများအဖြစ် မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းများ၊ ပြည်တွင်းထုတ်ကုန်တိုးမြှင့်ရေးနှင့်အလုပ်အကိုင်ရရှိစေရေး၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများစသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို နှစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြာင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှစ်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေ၊ နေပြည်တော်ကောင်စီ ရန်ပုံငွေတို့ဖြင့် သောက်သုံးရေရရှိရေး ၉၉ ခု၊ မီးလင်းရေး ခြောက်ခု၊ ဆိုလာစိုက်ပျိုးရေ ၄ဝ ခု၊ ကုန်ထုတ်လမ်း ၃၀ မိုင်ကျော်၊ တံတား ၁၀၇ စင်း၊ ရွာတွင်းလမ်းတစ်မိုင်ကျော်၊ တံတားလေးစင်း၊ ကျေးလက် အိမ်ရာ ၁၂ ခု၊ မြစိမ်းရောင်စီမံကိန်း ၁၉ ယူနစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ၄၀ ရွာ၊ Smart Village စီမံကိန်းခုနှစ်ရွာ၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း ၁၁ ယူနစ်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်း ၁၅ ကြိမ်တို့ကို ဆောင်ရွက်ပေးခဲ့ပြီး၊ လမ်းတံတားလုပ်ငန်းပေါင်း ၃၂/၃ ဒသမ၂၁၄ မိုင်၊ တံတားပေါင်း ၁၁၁ စင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မိမိတို့ရပ်ရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရန်အတွက် ဒေသခံပြည်သူများ ဝိုင်းဝန်းထိန်းသိမ်းပေးရေး အဖွင့်အမှာစကား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းညွှန်ကြားရေးမှူး ဦးစိုးမောင်က နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း ဦးမင်းဦးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းတို့အား ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်များအား ပေးအပ်ခဲ့ပြီးနောက် အေးချမ်းသာစံပြကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမော်စိုးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမင်းဦးနှင့် ဥတ္တရခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံထူးတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးပြီး ကွန်ကရစ်လမ်းသစ်အား လိုက်လံကြည်ရှု့ စစ်ဆေးခဲ့သည်။
အဆိုပါကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တာဝန်ရှိသူများနှင့်ဒေသခံပြည်သူ စုစုပေါင်း ၃၅၀ဦး တက်ရောက်ကြပြီး၊ အလျား ၂၃၅၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ခုနှစ်လက်မရှိ ကွန်ကရစ်လမ်းသစ်အား ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ကြောင်းနှင့် အကျိုးပြုအိမ်ခြေ ၆၁၂ အိမ်၊ လူဦးရေ ၂၆၀၄ ဦးတို့ အကျိုးပြု ခံစားရမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ချိတ်ဆက်ဆွေးနွေးခြင်းဆိုင်ရာ အသိပညာမျှဝေဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်ဝောာ်ကာင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များတက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဝင်ရောက်လာစေရေးနှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် MSME လုပ်ငန်းများ စီးပွားရေးချိတ်ဆက်နိုင်ရေး ရည်ရွယ်ကာ နေပြည်တော်ကောင်စီရင်းနှီး မြှုပ်နှံမှုကော်မတီအနေနဲ့ နေပြည်တော်ကောင်စီနှင့် ပူးပေါင်းကာ ယနေ့ဆွေးနွေးပွဲကိုကျင်းပခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်ဟာ မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်ပြီး ဒေသအနေအထားအရ တရုတ်-မြန်မာစီးပွားရေးစင်္ကြံနှင့် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံလမ်းမပေါ်တွင် တည်ရှိတာကြောင့် မဟာဗျူဟာကျတဲ့ ဒေသတစ်ခုဖြစ်ခြင်း၊ ရေ၊ မြေ၊ ရာသီဥတု ကောင်းမွန်ခြင်း၊ စိုက်ပျိုးမြေဧရိယာပေါများခြင်း၊ အခြေခံအဆောက်အဦ ပြည့်စုံခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိပါကြောင်း၊ လက်ရှိအချိန်မှာ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်းမှာ လုပ်သာကိုင်သာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းတစ်ရပ် ပေါ်ထွန်းဖို့ အတွက် မူဝါဒဆိုင်ရာ၊ လုပ်ထုံးလုပ်နည်းဆိုင်ရာပြုပြင်ပြောင်းလဲမှု၊ ပံ့ပိုးအားပေးမှုတွေကိုစိန်ခေါ်မှုတွေ၊ အခက်အခဲတွေရှိတဲ့ကြားကနေ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ “နေပြည်တော်ကောင်စီနယ်မြေသည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ပြီး Green City | Clean City | Smart City အဖြစ်တိုးတက်အောင်ဆောင်ရွက်ကာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စံပြနယ်မြေဖြစ်စေရေးဆောင်ရွက်ရန်” ဟူ၍ လမ်းညွှန်မှာကြားထားပါကြောင်း၊ လက်ရှိမှာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး အထူးအလေးထားဆောင်ရွက်နေပြီး၊ မူဝါဒနဲ့ကိုက်ညီတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အချိန်ကြန့်ကြာမှုမရှိစေဘဲစိစစ်ခွင့်ပြုပေးနိုင်ဖို့၊ လိုအပ်ပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရဌာနအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများအကြား ဟန်ချက်ညီစွာ ပေါင်းစပ်ဆောင်ရွက်ရန်၊ ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဖိတ်ခေါ်ဆောင်ရွက်နိုင်ရန်အတွက် ဒီကနေ့ဆွေးနွေးပွဲဟာ အလွန်ပဲအရေးပါလှကြောင်းနှင့် ယနေ့ဆွေးနွေးပွဲကတစ်ဆင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ အကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် MSME လုပ်ငန်းများအကြား ချိတ်ဆက်ဆောင်ရွက် (Business Linkage) နိုင်ပြီး၊ မိမိတို့ရဲ့ လုပ်ငန်းများနှင့်ဆက်စပ်ဆောင်ရွက်ကြရမယ့်လုပ်ငန်းတွေမှာ အားကောင်းစွာနဲ့ ပူးပေါင်းဆောင်ရွက်လာနိုင်မယ်လို့ ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းများဦးစီးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နေပြည်တော်၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်လုပ်ငန်းများနှင့် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် နေပြည်တော် အသေးစားစက်မှု လက်မှုလုပ်ငန်းများဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)