စာဖတ်ရှိန်မြှင့်တင်ရေး ရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင် စာအုပ်စာစောင်ပြသ

ကန့်ဘလူ မတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကန့်ဘလူခရိုင်ရုံးမှ နွေရာသီကျောင်းပိတ်ရက် လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်ကာ စာကြည့်တိုက်အား အသုံးချတတ်စေရန် ရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေးရုပ်ပုံပြပုံပြင်ပြောခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို မတ် ၂၆ ရက်က ခရိုင် Community Centre တွင် ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိသင်းက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားရေးအတွက် ရုပ်ပုံပြပုံပြင်ပြောခြင်းဆောင်ရွက်သည်။ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း