စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ နေကြာပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ ဧပြီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် ပျားမွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ စိုက်ပျိုးလျက်ရှိသည့် ဆီထွက်သီးနှံနေကြာများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများမှ မြေ၊ မျိုး၊ ရေ၊ နည်း နည်းလမ်း ၄ သွယ်ဖြင့် စိုက်ဧကပြည့်မီစွာ စိုက်ပျိုးသွားရေးနှင့် ပန်းတိုင်အထွက်နှုန်း ထွက်ရှိစေရေး အတွက် အစွမ်းကုန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နေကြာ သီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ဝတ်မှုံကူးစက်နိုင်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် နေကြာစိုက်ပျိုးရေးတောင်သူများသို့ ပျားမွေးမြူရေးနည်းစနစ်များအား သင်တန်းများဖွင့်လှစ် သင်ကြားပေးသွားကြရန် လိုအပ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့်လည်း နေကြာစိုက်တောင်သူများအား အထွက်တိုးစေရန်နှင့် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးရေးကို အားပေးနေသကဲ့သို့ လိုအပ်သည့် စိုက်ပျိုးစရိတ်ချေးငွေများ၊ သွင်းအားစုများအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများအနေဖြင့်လည်း မိမိတို့တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယခုအစည်းအဝေးတွင် ပွင့်လင်းမြင်သာစွာ ဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။  

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပျားမွေးမြူရေးလုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံနေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)