ဖောင်းပြင် ဧပြီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ စီစဥ်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများ အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေပိုင်းက လူစည်ကားရာ နေရာများတွင် နှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်များ၊ အပူဒဏ်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရမည့်အချက်များ၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်၊ အပူဒဏ်ကြောင့် ပင်ပမ်းနွမ်းနယ်ခြင်းလက္ခာဏာများ၊ သတိလစ်ခြင်း လက္ခဏာများ၊ လူနာအား ရှေးဦးပြုစုခြင်း၊ အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်သူများ စသည့် အချက်များကို ပြည်သူများ သိရှိလိုက်နာစေရန် နှိုးဆော်ပေးခဲ့သည်။
အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းမှ တာ၀န်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရှိလူစည်ကားရာနေရာများ၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ မြို့နယ်(ပြန်/ဆက်)