ဖောင်းပြင် ဧပြီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် တောင်သူများသည် စပါး၊ ပဲမျိုးမျိုးနှင့် စားဖိုဆောင်သီးနှံများဖြစ်သည့် အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူအပြင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နေကြာ၊ ပန်းနှမ်းတို့ကို တစ်နှစ်လျှင် တစ်သီးသာ စိုက်ပျိုးကြရာမှ ယခုအခါ ဆီထွက် သီးနှံဖြစ်သည့်နေကြာကို သီးထပ်၊ သီးညှပ်စနစ်တို့ဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းနေကြောင်း ပိုးစာကုန်းကျေးရွာက တောင်သူဦးတင်အောင်ထံမှသိရသည်။
“ဒီဒေသက နွေစပါး၊ မိုးစပါးနဲ့ ဆောင်းရာသီမှာ အာလူး၊ ကြက်သွန်၊ ပဲမျိုးစုံနဲ့ ဆီအတွက် မြေပဲ၊ ပန်းနှမ်း၊ နေကြာတွေကို စိုက်ကြတာပါ။ တစ်ရာသီမှာတစ်သီးသာ စိုက်ကြတာပါပဲ။ ၂၀၁၉ ခုနှစ် ကစလို့ မိုးစပါးရိတ်အပြီး ပဲသိမ်းအပြီးမှာ နေကြာကို နောက်တစ်သီးအနေနဲ့ စမ်းပြီးတော့ တောင်သူအနည်းစု စိုက်လာခဲ့ကြတာပါ။ ခုနောက်ပိုင်း တောင်သူအများစု ပိုပြီးစိုက်လာကြပါတယ်။ ဒေသရာသီဥတုနဲ့ ကိုက်ညီတော့ နှစ်စဉ်အောင်မြင်ခဲ့ပါတယ်။ တောင်သူတွေအတော်များများ စိုက်ပျိုးနိုင်အောင် မျိုးကောင်းမျိုးသန့်တွေ အမြဲရရှိအောင် နိုင်ငံတော်က ဆောင်ရွက်ပေးနိုင်ရင် ပိုပြီးအကျိုးဖြစ်ထွန်းနိုင်ပါတယ်” ဟု တောင်သူ ဦးတင်အောင်က ပြောပြသည်။
နေကြာကို သီးထပ်စနစ်ဖြင့်စိုက်ပျိုးရာတွင် မိုးစပါးရိတ်သိမ်းပြီးချိန် ဒီဇင်ဘာလမှစ၍ ပဲသိမ်းပြီးချိန် ဖေဖော်ဝါရီလအထိ စိုက်ပျိုးကြပြီး သီးညှပ်စနစ်ဖြင့် စိုက်ပျိုးရာတွင် နိုဝင်ဘာလတွင် ပဲစိုက်ခင်းများ၌ ရောနှောစိုက်ပျိုးကြကြောင်း သီးထပ်စနစ်ဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် နေကြာမျိုးစေ့ ၃ ပြည်မှ ၄ ပြည်အထိ စိုက်ပျိုးကြကြောင်း၊ သီးညှပ်စနစ်တွင် ၁ ပြည်မှ ၂ ပြည်အထိ စိုက်ပျိုးကြောင်း သိရသည်။
သီးထပ်စိုက်ပျိုးပါက အထွက်နှုန်းကောင်းမွန်ပြီး တစ်ဧကလျှင် နေကြာစေ့တင်း အရေအတွက် ၁၅ တင်းမှ ၂၅ တင်းအထိ ထွက်ရှိနိုင်ပြီး သီးညှပ်စိုက်ပျိုးပါက တစ်ဧက ၆ တင်းမှ ၁၀ တင်းအထိ ထွက်ရှိနိုင်ကြောင်း ဆီကြိတ်ပါက နေကြာစေ့ ၃ တင်းလျှင် ဆီ ၁၀ပိဿာခန့်ထွက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)