မုံရွာ ဧပြီ ၂၈
သူငယ်တန်း သင်ရိုးညွှန်တမ်းအညွှန်းဘောင်အရ သင်ရိုးပြုစုထားပုံကိုနားလည်ရန်၊ ကလေးများသင်ယူဖွံ့ဖြိုးမှုကို ပံ့ပိုးကူညီပေးနိုင်မည့် နည်းလမ်းများကိုပြောပြတတ်ရန်၊ နယ်ပယ်အလိုက် သင်ယူမှုလုပ်ငန်းများ စီစဉ်ထားပုံကို နားလည်သဘောပေါက်ရန်၊သူငယ်တန်းကလေးများအတွက် တစ်နေ့တာအစီအစဉ် ရေးဆွဲရာတွင်ထည့်သွင်းစဉ်းစားရမည့် အချက်များကို ရှင်းပြတတ်ရန်၊ သူငယ်တန်း စာသင်ခန်းတစ်ခုတွင်ရှိသင့်သော သင်ယူရန်နေရာများကို ဖော်ထုတ်တတ်ရန်၊ ECCD သဘောတရားနှင့် သူငယ်တန်းစစ်ဆေးအကဲဖြတ်ပုံတို့ကို နှိုင်းယှဉ်လေ့လာတတ်ရန်နှင့် သူငယ်တန်းပညာရေးအကောင်အထည်ဖော်ရာတွင် မိဘများ၏ပါဝင်ပံ့ပိုးမှုလိုအပ်ကြောင်းနားလည်ရန်စသည့်ရည်ရွယ်ချက် (၇) ချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ် KG နှင့် Grade 1 သင်ပြနည်းစနစ်နှင့်မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (တိုင်းအဆင့်) ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့တက်ရောက်လာသော စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် တာဝန်ရှိသူများနှင့် ဆရာကြီး၊ ဆရာမကြီးများက ကလေးများအတွက် "ဒီနေ" သီချင်းကို ဂုဏ်ပြုသံပြိုင်သီဆို၍ ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်လေးဦးက" ပညာရေးကဏ္ဍတွင်တာဝန်ထမ်းဆောင်နေသည့် စီမံခန့်ခွဲသူများနှင့် ဆရာ၊ဆရာမများ၏ စွမ်းဆောင်ရည်သည် အဓိကအခန်းကဏ္ဍမှာပါဝင်နေပါကြောင်း၊ ဆရာ၊ ဆရာမများ၏ သက်ဆိုင်ရာနယ်ပယ်အလိုက်ရှိရမည့် အရည်အသွေးနှင့်စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် သင်တန်းများ၊ မွမ်းမံဆွေးနွေးပွဲများနှင့် ဉာဏ်သစ်လောင်းဆွေးနွေးပွဲများ၊ စဉ်ဆက်မပြတ်စွမ်းရည်မြှင့်အစီအစဉ်များကို ဆောင်ရွက်ပေးရမှာဖြစ်ပါကြောင်း၊ သင်တန်းပေးရာတွင် လုပ်ငန်းခွင်အကြိုသင်တန်းပေးခြင်းနှင့် လုပ်ငန်းခွင်အတွင်း သင်တန်းပေးခြင်းဆိုပြီး နှစ်မျိုးရှိပါကြောင်း၊ ယခုသင်တန်းကတော့ လုပ်ငန်းခွင်အတွင်း ဆရာ၊ ဆရာမများ၏ အရည်အသွေးမြင့်မားရေးအတွက် ရည်ရွယ်ထားတဲ့လုပ်ငန်းခွင်အတွင်း သင်တန်းပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းကို တက်ရောက်လာသည့် ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းမှပို့ချပေးသော အကြောင်းအရာများကို စိတ်ဝင်တစားလေ့လာမှတ်သားပြီး မိမိတို့တာဝန်ကျရာဒေသကို ပြန်ရောက်တဲ့အခါ ကိုယ်ရဲ့ကလေးတွေကို ပိုမိုတိုးတက်အောင်မြင်မှုရအောင် ဆောင်ရွက်နိုင်တဲ့သူတွေဖြစ်အောင်၊ မိသားစုအတွက်၊ ရပ်ရွာအကျိုးအတွက်၊ မြို့/ရွာအကျိုးအတွက်၊ နိုင်ငံတော်အကျိုးအတွက်အကျိုးပြုနိုင်သည့် လူကောင်းလူတော်များဖြစ်အောင် သွန်သင်မွေးထုတ်ပေးကြစေကြောင်း၊ ယခုသင်တန်းတွင်ပို့ချပေးသည့် အကြောင်းအရာများကို မိမိမှာရှိပြီးသည့် အတွေ့အကြုံများနှင့် စာတွေ့၊ လက်တွေ့ပေါင်းစပ်ပြီး မိမိတပည့်ကလေးငယ်များကို နောင်တစ်ချိန်မှာ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်သည်အထိ ထုဆစ်ပုံဖော်နိုင်တဲ့သူတွေဖြစ်လာအောင် မိမိကိုယ်ကိုကြိုးစားဖြည့်ဆည်းကြစေကြောင်း၊ သင်ကြားမှုထိရောက်စေမည့် သင်ပြနည်းများကို ကောင်းမွန်စွာလေ့လာမှတ်သားပြီး သင်ကြားရေးနယ်ပယ်တွင် အကျိုးရှိစွာပြန်လည်အသုံးချ၍မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်း မြင့်မားစေရေးမှာ ပူးပေါင်းပါဝင်ကြိုးစားပေးကြပါလို့ တိုက်တွန်းမှာကြားခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာသော စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးနှင့် တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ် တာဝန်ရှိသူများနှင့် ဆရာကြီး၊ ဆရာမကြီးများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (တိုင်းအဆင့်) ဆွေးနွေးပွဲကို နည်းပြ (၈) ဦးက သက်ဆိုင်ရာဘာသာရပ်များအလိုက် မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာကြီး၊ ဆရာမကြီး သင်တန်းသားသင်တန်းသူဦးရေ (၉၃) ဦးအား ဧပြီ ၂၇ ရက်နေ့မှ မေ ၉ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)