စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းသုံးဆီနှင့်စားသုံးဆီများ အမှန်တကယ်ဖြန့်ဖြူးရောင်းချနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

မုံရွာ မေ ၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းသုံးဆီနှင့် စားသုံးဆီများအမှန်တကယ် ဖြန့်ဖြူးရောင်းချ နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ  စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးရာဝန်ကြီး ဦးအောင်ဇော်ဦးနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်းအမှုထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီ ဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးရာဝန်ကြီး ဦးအောင်ဇော်ဦးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းသုံးဆီနှင့် စားသုံးဆီများ အမှန်တကယ်ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် ဈေးကွက်တည်ငြိမ်မှုရှိစေရေး၊ ကော်မတီ၏ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အမှာစကားပြောကြားသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမင်းမင်းက ကော်မတီ၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်း‌ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလုပ်ငန်းသုံး စားအုန်းဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးအဖွဲ့ ခေါင်းဆောင် တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကြည်လှိုင်က စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီးနောက် ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး စက်မှုလုပ်ငန်းသုံး စားအုန်းဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးအဖွဲ့က ၂၀၁၆ ခုနှစ် မေလအတွင်း စက်မှုလုပ်ငန်းသုံး စားအုန်းဆီလျှောက်ထားလာမှု အခြေအနေများအားစိစစ်တင်ပြကြရာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးဆီ ဖြန့်ဖြူးရောင်းချရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက အမှန်တကယ် ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့်လိုအပ်သော လုပ်ငန်းများကို အထောက်အထားအချက် အလက်ခိုင်မာစွာ လျှောက်ထားနိုင်ရေး ဆွေးနွေးပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ခရိုင် (ပြန်/ဆက်)