တပ်ကုန်း မေ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့် ရေးသားထားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာပေဖတ်ရှုသည့်အလေ့အထကောင်းများ တိုးပွားရရှိရေးနှင့်စာဖတ်ရှိန်မြင့်မားပြီး စာပေဗဟုသုတများဖလှယ်ဆွေးနွေးနိုင်ရေးရည်ရွယ်ကာ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် စာရေးဆရာ ဒေါက်တာနွယ့်ဝင်း၊ စာရေးဆရာ ကိုကို(သုတေသန)၊ စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်)၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ မောင်ရည်ကျော်(ရူပ)၊ စာရေးဆရာမ ချယ်ချယ်(YU)၊ စာရေးဆရာ မျိုးမြင့်၊ တပ်ကုန်းမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည်(မောင်ကြည်မူ-ပျဉ်းမနား)နှင့်အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ ဦးသိန်းဝင်းမြင့်(မြကျောက်အေးချမ်း)၊ စာရေဆရာမ သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း)၊ စာရေးဆရာမ မြသန္တာ(မြပုလဲ-တပ်ကုန်း)၊ စာပေဝါသနာရှင်တို့က စာရေးဆရာမ ခင်စောတင့် ရေးသားထားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ" စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး မိမိတို့၏ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
ထို့နောက် စာရေးဆရာ ကိုကို(သုတေသန)၊ စာရေးဆရာ ဒေါက်တာနွယ့်ဝင်းတို့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြို့နယ် ရှစ်မြို့နယ်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များအတွက် စာအုပ်များပေးအပ်လှူဒါန်းခဲ့ရာ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်တို့က လက်ခံယူခဲ့ကြောင်း သိရသည်။
တင်စိုးလွင်