ကျွန်းလှ မေ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမိုးနေကြာ (ရေဆင်း-၁ စပ်မျိုး) စံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြခြင်းကို ယမန်နေ့နံနက် ၇ နာရီက တပ်ကုန်းကျေးရွာ၊ ကွင်းအမှတ် (၄၉၅) တောင်သူ ဦးကျော်ဝင်းစိုး၏ ယာမြေ ၅ ဧက၌ ကျင်းပသည်။
“ကျွန်းလှမြို့နယ်မှာ မိုးနေကြာ စံပြကွက်စိုက်ပျိုးတဲ့ တောင်သူတွေကို ဒေသရာသီဥတုနဲ့ ကိုက်ညီပြီး အထွက်နှုန်းကောင်းမျိုးများ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ အချိန်မီစိုက်ပျိုးရေး၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်က နေကြာမျိုးစေ့များပေးအပ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ