နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ဇေယျာသီရိမြို့နယ်အတွင်း လေပြင်း ဘေးသင့်နေရာများအား ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များ ကူညီဆောင်ရွက်

ဇေယျာသီရိ မေ ၉

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်အတွင်း မေ ၈ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်၍ လူနေအိမ်များ အမိုးလန်ခြင်း၊ နေအိမ်အကာအရံများ ပျက်စီးခြင်းနှင့်နေအိမ်ပြိုကျပျက်စီးခဲ့သည့် နေရာများအားလိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် လူနေအိမ်များ အမိုးလန်ခြင်း၊ နေအိမ်အကာအရံများ ပျက်စီးခြင်းနှင့် နေအိမ်ပြိုကျပျက်စီးခြင်းများဖြစ်ပွားခဲ့သော ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာကျေးရွာသို့ သွားရောက်ကြည့်ရှုခဲ့ရာ ဇေယျာသီရိခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသူတို့က ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေမှုအခြေအနေများအားလိုက်ပါရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင်က သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးသွားသောလူနေအိမ်များအနေဖြင့် လက်ရှိကာလသည် မုန်တိုင်းကြောင့် မိုးထပ်မံရွာသွန်းလာနိုင်သည့်အတွက် ပြန်လည်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့များမှလည်း ပူးပေါင်းဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း မှာကြားသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေရာများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်(၂၀)ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)