စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး စစ်ကိုင်းမြို့ပေါ်ရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှု

မုံရွာ မေ ၉

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ကြီးရုံးခန်း၌ စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများရှိတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာများရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေး၊ အတန်းစဉ်စနစ်တကျကူးပြောင်းရေးနှင့် ပညာရေးစနစ်တိုးတက်မြင့်မားရေးအတွက် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်းကာ အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ တာဝန်ရှိသူများအနေဖြင့် မကြာမီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ စတင်ဖွင့်လှစ်တော့မည်ဖြစ်ပါ၍ မိမိတို့၏ကျောင်းများအား ကျောင်းဖွင့်အမှီဥပတိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသပ်ရပ်ရေးနှင့် သတ်မှတ်စည်းကမ်းနှင့်အညီဆောင်ရွက်ရေးနှင့် ကျောင်းအပ်လက်ခံရေးတို့အား ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြလိုအပ်ပါကြောင်းနှင့် ကိုယ်ပိုင်ကျောင်းများအနေဖြင့်လည်း ကျောင်းအပ်လက်ခံရာတွင် စနစ်တကျကျောင်းအပ်လက်ခံသွားရေး၊ အတန်းကျော်လက်ခံမှုများမရှိစေရေးတို့အား အလေးထားဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း  ပြောကြားသည်။

ယင်းနောက် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးစာသင်ကျောင်းများရှိ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် သင်ကြားရေးလုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့တော်ခန်းတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းခရိုင်း/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက စစ်ကိုင်းခရိုင်/မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိတို့အားပေးအပ်ထားသည့်လုပ်ငန်းတာဝန်များအား ကျေပွန်စွာဆောင်ရွက်သွားရေး၊ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းရေး၊ ပြည်သူများနှင့်ထိတွေ့လုပ်ကိုင်ဆောင်ရွက်ရသည့် လုပ်ငန်းများအပေါ် ပျူဌာယဉ်ကျေးစွာဆောင်ရွက်သွားကြရန်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မိမိတို့ဌာနဆိုင်ရာများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်ဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မေလ ၈ ရက်၊ ညနေပိုင်းတွင်း စစ်ကိုင်းမြို့၊ စက်မှုဇုန်ရှိ “သုတသုခ” ဓါတ်မြေဩဇာထုတ်လုပ်ရေးစက်ရုံ သို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ဓါတ်မြေဩဇာထုတ်လုပ်နေမှု၊ ထုတ်ပိုးနေမှုများနှင့် ဓာတ်မြေဩဇာများအား ဓါတ်ခွဲနေမှုအဆင့်ဆင့်များအား လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များ တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။    

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ “ခေတ်သစ်ထွန်း”မျိုးကြက်ခြံနှင့်သားဖောက်လုပ်ငန်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့ပေါ်ရှိ မွေးမြူရေးလုပ်ငန်းရှင်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းမြို့ပေါ်ရှိ မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ်အခက်အခဲနှင့် လိုအပ်သည်များရှိပါက ယခုတွေ့ဆုံရာတွင် ပွင့်ပွင့်လင်းလင်းတင်ပြသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများစားရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် အသား/ငါးနှင့်ဥများအားပိုမိုထွက်ရှိအောင် ကြိုးစားလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် စစ်ကိုင်းမြို့ပေါ်ရှိ မွေးမြူရေးလုပ်ငန်းရှင်များမှ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် မွေးမြူရေးလုပ်ငန်း အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်