နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း  နေပြည်‌တော်အတွင်း သန့်ရှင်းသာယာလှပစေရေး  စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

နေပြည်တော် မေ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပျဉ်းမနားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးတွင်  မြို့နယ်အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများစုပါင်း၍ ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တာဝန်ရှိသူများအား  ရေဝပ်သောနေရာများတွင် ရေစီးရေလာကောင်းမွန်စေရေး၊ ရုံးဥပဓိရုပ်ကောင်းမွန်စေရေး အမြဲဆောင်ရွက်သွားရန်၊ အမှိုက်များကို အမျိုးအစားခွဲ၍ စနစ်တကျ စွန့်ပစ်ရန်အမှိုက်ပုံးများ လုံလောက်စွာထားရှိပြီး အချိန်မှန် စွန့်ပစ်ရန်၊ ရုံးဝန်းအတွင်း သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထိန်းသိမ်းရန်၊ ရေတင်ကျန်နေသောနေရာများ မရှိစေရေးစစ်ဆေးရန်၊ “ရုံးတစ်ရုံး၏ သန့်ရှင်းသပ်ရပ်မှုသည် အဖွဲ့အစည်း၏ စည်းကမ်းရှိမှုနှင့်လုပ်ငန်းစွမ်းဆောင်ရည်ကို ဖော်ပြနေသောကြောင့် ဝန်ထမ်းအားလုံး စုပေါင်းပါဝင်၍ Clean Office ဖြစ်အောင် ဆောင်ရွက်ကြရန်”မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့၊ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံများ စုပေါင်း၍ ဆေးရုံဝင်း အတွင်းအပြင်ရှိ မြက်ပင်များ၊  ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ဖြတ် စက်များဖြင့် ရှင်းလင်းဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အမှိုက်သရိုက်များအား အမှိုက်ကားများဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား  အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် သတ်မှတ်ထားသော အမှိုက်ပုံးများ လုံလောက်စွာထားရှိပြီး အချိန်မှန်သိမ်းဆည်းဆောင်ရွက်ရန်၊ လမ်းဘေး၊ မြောင်းများ၊ ရေမြောင်းများအတွင်း အမှိုက်ပိတ်ဆို့မှုမရှိစေရန် ပုံမှန်ရှင်းလင်းဆောင်ရွက်ရန်၊ မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် မြောင်းတူးဖော်ခြင်း၊ ရေမြောင်းသန့်ရှင်းရေး လုပ်ငန်းများ အထူးအလေးထားဆောင်ရွက်ရန်နှင့် ရာသီအလိုက်သစ်ပင်၊ ပန်းပင်များနှင့်အရိပ်ရအပင်များ စိုက်ပျိုးရန် မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည်  သန့်ရှင်း‌ရေးလာရောက်ဆောင်ရွက်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ဒေသခံပြည်သူတို့အား  ဆန်နှင့်စားသုံးဆီများ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီး ဟင်းရွက်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်  ရောင်းချပေးနေမှုအားကြည့်ရှု၍ သန့်ရှင်း‌ရေးလာရောက်ဆောင်ရွက်သူများအား စားသောက်ဖွယ်ရာများဖြန့်ဝေပေးကာ ဆေးရုံအတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

အလားတူ နေပြည်တော်တစ်ဝန်း ပတ်ဝန်းကျင်သန့်ရှင်းရေးသာယာလှပ‌စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကျန်ရှိသည့် မြို့နယ်များတွင်လည်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို အပတ်စဉ် စနေ့နေ့တိုင်း အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)