မော်လမြိုင် မေ ၉
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများသန့်ရှင်း၍ စိမ်းလန်းစိုပြည်ပြီး ဥပတိရုပ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ချုံနွယ်များ၊ မြက်များနှင့်အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်း၏လိုအပ်ချက်များအား ဖြည်းဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ပညာရေးမှူးရုံး ဘက်စုံအားကစားခန်းမသို့သွားရောက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ၏ အားကစားပြိုင်ပွဲများပြုလုပ်ပေးနိုင်ရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ လူငယ်များ စိတ်ချမ်းမြေ့စွာ ကစားနိုင်စေရေးတို့အတွက် ပုံမှန်သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် သွားရန် တာဝန်ရှိသူများအားမှာကြားပြီး အားကစားခန်းမပတ်ဝန်းကျင်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက် ကျောက်တန်းစက်မှုနယ်မြေရှိ NIPPON CONCRETE( Myanmar) Co.Ltd စက်ရုံသို့ ရောက်ရှိပြီး ဦးစွာ ရှင်းလင်းဆောင်တွင် စက်ရုံတာဝန်ခံက ကွန်ကရစ်တိုင် ၈မီတာမှ ၂၄မီတာအထိ တစ်ချောင်းချင်း၊ နှစ်ချောင်းဆက်ဓာတ်တိုင်များ ထုတ်လုပ်မှုနှင့် စက်ရုံလည်ပတ်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ရုံအား ခေတ်မီစက်ကိရိယာများ တပ်ဆင်အသုံးပြုပြီး စံချိန်စံညွန်းမီအရည်အသွေးရှိသော ကွန်ကရစ်ဓာတ်တိုင်များ ထုတ်လုပ်နိုင်မှု၊ ထုတ်ကုန်များကို ပြည်နယ်အတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လမ်းတံတားများ ဆောက်လုပ်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အဓိကအသုံးပြုနေရသည့်အတွက် စက်ရုံ၏အခန်းကဏ္ဍမှာ အလွန်အရေးပါကြောင်း၊ စက်ရုံအနေဖြင့် လိုအပ်ချက်များရှိပါက တင်ပြကြရန်နှင့် ပြည်နယ်အစိုးရအဖွဲ့မှလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ကုန်ထုတ်လုပ်မှုစွမ်းရည် ပိုမိုမြှင့်တင်နိုင်ရေးနှင့် ဒေသတွင်းဈေးကွက်များသို့ချဲ့ထွင်နိုင်ရေး ကြိုးစားဆောက်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စက်ရုံအတွင်း ကွန်ကရစ်တိုင်ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုလှထွန်းငရုပ်သီးမှုန့်နှင့် အမှုန့်မျိုးစုံလုပ်ငန်း၊ ပြည်နယ်သားစတား စားသောက်ကုန်လုပ်ငန်း ပဲပြားစက်ရုံ၊ ပြည့်စုံ အလူမီနီယံ၊ လိတ်တံခါး၊ ဆီလီကွန်နှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ရေး အလုပ်ရုံ၊ ငွေမိုးကွန်ကရစ်စက်ရုံတို့အား လှည်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား ပြည်ပပို့ကုန်များပိုမိုထုတ်လုပ်နိုင်ရေး၊ ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်းများအတွက် ကူညီပံ့ပိုးဆောင်ရွက်ရေး၊ ချေးငွေများရှိစေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ငွေမိုးကွန်ကရစ်စက်ရုံရှင်းလင်းဆောင်၌ ပြည်နယ်စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ကျောက်တန်းစက်မှုနယ်မြေ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေပါပြဌာန်းချက်များနှင့်အညီ အကောင်ထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စက်မှုဇုန်များနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သတ်မှတ်ချက်များ၊ ရေအသုံးချမှုသတ်မှတ်ချက်များ၊ မီးဘေးအန္တရာယ် ကာကွယ်မှုစနစ်များ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး၊အမှိုက်နှင့် ရေဆိုးစွန့်ပစ်မှုစနစ်များကို စနစ်တကျဆောင်ရွက်သွားကြရန် လိုကြောင်းပြောကြားကာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)