လွိုင်ကော် မေ ၁၃
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင် အောင် အကောင်အထည်ဖော်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်က ပြည်နယ်သစ်တောဦးစီးဌာနသို့ သွားရောက် ပြီး သစ်တောဦးစီးဌာန၏ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် လူထုဖြန့် ပျိုးပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ သစ်တောဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ကျေးရွာ ထင်းစိုက်ခင်း စိုက်ပျိုးရန် ပြင်ဆင်ထားရှိမှု၊ မိုးရာသီ သစ်ပင်စိုက်ပွဲတော်များဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်နေမှုနှင့် သစ်တော ထိန်းသိမ်းရေးအတွက် ပျိုးပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က ဒေသနေပြည်သူများ ဝင်ငွေရရှိရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါးမျိုးစိတ်များနှင့် နှစ်ရှည်ပင်များ စိုက်ပျိုးနိုင်ရေး ကွင်းဆင်း၍ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆောင်ရွက်ရန်၊ စိုက်ပျိုးထားသည့် စိုက်ပင်များ ရှင်သန်ရေးကြီးကြပ်ဆောင်ရွက်ရန်နှင့် သစ်တော ထွက်ပစ္စည်းများမှ ကောက်ခံရမည့် အခွန်၊ အခများကိုလည်း လျာထားချက် ပြည့်မီကျော်လွန်အောင် ကြိုးပမ်းကောက်ခံသွားရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန္ဒရဝတီ ပျိုးဥယျာဉ်အတွင်း ကျွန်း၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မဟော်ဂနီ၊ ယမနေ သစ်မျိုးများအပါအဝင် သစ်မျိုး (၁၁)မျိုး ပျိုးပင်ပေါင်း ကိုးသောင်းကျော် ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာ ရုံးသို့ သွားရောက်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ (နှစ်ဆက်ဘတ်ဂျက်) ဖြင့် လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ထမ်းအိမ်ရာဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်း သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်ကာလ ပြီးစီးအောင် အလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ဒေါဥခူရပ်ကွက်ရှိ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန စုပေါင်းဝန်ထမ်း အိမ်ရာသို့ သွားရောက်၍ အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လေးခန်းတွဲ ငါးထပ် ဝန်ထမ်းအိမ်ရာ တိုက်အမှတ် (၁) နှင့် (၂) တို့ အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကြီးစားပြုပြင်မွမ်းမံ ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ ပြည်နယ်ဦးစီးမှူးက လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ပြီးပါက ဝန်ထမ်းများအား စနစ်တကျ ပြန်လည်နေရာ ချထားပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာ စုပေါင်းရုံးသို့ သွားရောက်၍ ရုံးအစည်းအဝေးခန်းမနှင့် ရုံးအဆောက်အအုံ ပြန်လည်ပြင်ဆင်ပြီးစီးမှု၊ ရုံးများ ပြန်လည်ဖွင့်လှစ်ရန် သက်ဆိုင်ရာ ရုံးခန်းအသီးသီးတွင် ရွှေ့ပြောင်းပြင်ဆင်ဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှုပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားသည်။ ပြည်နယ် ဝန်ကြီးချုပ်က ရုံးခန်းများအတွက် လိုအပ်သည့် ရုံးသုံးပရိဘောဂများနှင့် ရုံးသုံးစက်ကိရိယာများ ပြည့်စုံအောင် စီမံပေးရန် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေး ခဲ့သည်။ ဌာနဆိုင်ရာ စုပေါင်းရုံးတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ၂၀ ခုတို့က ရုံးခန်းများဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)