မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ပေးနေမှု ကြည်ရှုအားပေး

မော်လမြိုင် ဇွန် ၂

မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မုန့်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်းပြီး စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစားသောက်ကုန်ပစ္စည်းများအား မော်လမြိုင်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများက အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ဝယ်ယူနေကြမှုကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လစဉ် ပြည်သူ့ဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားကုန်များ ထောက်ပံ့ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ကျန်းမာ‌ရေး‌နှင့် လိုအပ်‌သော အခြားပံ့ပိုးကူညီမှု ပေးကြသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးကုသပေးနေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက် ပညာသင်ယူနေမှုအပေါ် ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၃/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအ‌နေဖြင့် ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး ဖန်တီးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်‌‌စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကာ ကော်မတီဝင်များမှ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်‌ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်တွင်းပြည်ပခရီးသွားများအား အဓိကဆွဲဆောင်မှုရှိသည့် နေရာများဖြစ်သော ကမ်းခြေအပန်း‌‌ဖြေစခန်းများ၊ ရေတံခွန်များ၊ ရှေးဟောင်းယဉ်ကျေးမှုနေရာများအား ပိုမိုဖွံ့ဖြိုးအောင်ဆောင်ရွက်သွားရန်၊ ဒေသတွင်း လုံခြုံအေးချမ်းမှသာ ခရီးသွားများ ပိုမိုလာ‌ရောက်လည်ပတ်မည်ဖြစ်သောကြောင့် လုံခြုံရေးဂရုပြုရန်လိုကြောင်း စသည်ဖြင့် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)