မွန်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး အဲကွန်းအခြေခံပြုပြင်ခြင်းနှင့် ဆိုလာပြုပြင်ထိန်းသိမ်းခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

မော်လမြိုင် ‌ဇွန် ၂

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှု၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် အဲကွန်းအခြေခံပြုပြင်ခြင်းနှင့် ဆိုလာပြုပြင်ထိန်းသိမ်းခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Royal Mawlamyine Hotel ၌ ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း မွန် (ဇုံ) မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းနည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး နိုင်လယိတမက နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အဲကွန်းစက်များနှင့် နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်များကို လူနေအိမ်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ စက်ရုံ/အလုပ်ရုံများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာသည့်အတွက် စနစ်တကျ တပ်ဆင်ပြုပြင်နိုင်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းနှင့် လုံခြုံစိတ်ချစွာ ကိုင်တွယ်အသုံးပြုနိုင်ခြင်းတို့အတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ လူငယ်များနှင့် ဒေသခံပြည်သူများအား အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာများရရှိစေရန်၊ ယခုသင်တန်းကာလအတွင်း သင်ကြားပို့ချပေးမည့် သီအိုရီနှင့် လက်တွေ့ဘာသာရပ်များကို စိတ်ပါဝင်စားစွာသင်ယူလေ့လာပြီး မိမိတို့၏အရည်အချင်းများ မြှင့်တင်နိုင်ကြစေရန်နှင့် ရရှိလာ‌သောပညာရပ်များကို လူမှုအသိုက်အဝန်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်အသုံးချနိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့သည်။

အဆိုပါ အဲကွန်းအခြေခံပြုပြင်ခြင်းနှင့် ဆိုလာပြုပြင်ထိန်းသိမ်းခြင်း သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၃၅) ဦးဖြင့် ဇွန်လ ၁ ရက်နေ့မှ ၂၉ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)