မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၊ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

မွန်    ဇွန်  ၂

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများတွင် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံချိန်တွင် သင်ရိုးညွှန်းတန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများကို အခမဲ့ထုတ်ပေးလျက်ရှိပြီး KG နှင့် မူလတန်း ကျောင်းသား/ ကျောင်းသူများ အတွက် ကျောင်းဝတ်စုံများလည်း အခမဲ့ပေးအပ်လျက်ရှိသည်။

၂၀၂၆-၂၀၂၇ ခုနှစ် ပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်း မုဒုံမြို့နယ်ရှိ အခြေခံပညာ ကျောင်းပေါင်း (၁၀၂) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၅) ကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ (၃၂၉၉၀)  ဦး၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း (၁၂၉)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁)ကျောင်း ကိုယ်ပိုင်ကျောင်း (၃)ကျောင်းတို့ရှိ ကျောင်းသား/ကျောင်းသူ (၂၇၇၄၃) ဦး၊ ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း (၁၆၆) မှ ကျောင်းသား/ကျောင်းသူပေါင်း (၄၀၆၁၉) ဦး၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကျိုက်မရောမြို့နယ်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာကျောင်း (၁၄၆) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁၄)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၂)ကျောင်းတို့မှ ကျောင်းသား/ကျောင်းသူ ၃၀၅၇၂ ဦး၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၈၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၆)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁)ကျောင်းတို့မှ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံခဲ့ကြပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက် ရှိသည်။

မွန်ပြည်နယ်အတွင်း အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများအားလုံး ရာနှုန်းပြည့်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ကြပြီး ကျောင်းစတင်ဖွင့်လှစ်သည့် ဇွန်လ ၁ ရက်နေ့တွင်လည်း ကျောင်းများအလိုက်၊ အတန်းစဉ်အလိုက် သင်ရိုးညွှန်းတမ်းများနှင့်အညီ သင်ကြားပေးလျက်ရှိသည်။ အလားတူ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး လိုအပ်သည်များ စစ်ဆေးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။