သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၌ ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

သထုံ    ဇွန်     ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများတို့ ပူးပေါင်း၍ ‌“‌ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မရမ်းကုန်း‌ကျေးရွာ၊ ရွှေမာလာ ဘုရားဝင်းအတွင်းရှိ ပုညဝဍ္ဎန ဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးမိုးသူတို့က အမှာစကားများပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ပြည်သူ့စကားဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ မိမိတို့ဌာနအလိုက်ဆောင်ရွက်နေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတို့ကို ဆွေးနွေးကြရာ တက်‌ရောက်လာသည့် ပြည်သူများက ကျေးလက်လမ်းကောင်းမွန်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုး‌ရေရှိရေး၊ သန့်ရှင်းသာယာလှပရေး စသည့်ဒေသဖွံ့ဖြိုး‌ရေးတို့အတွက် ဆောင်ရွက်ပေးစေလိုသည်များ၊ လိုအပ်ချက်များကို တင်ပြမေးမြန်းခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

အဆိုပါပြည်သူ့စကားဝိုင်းသို့ မရမ်းကုန်းနှင့် ဆိပ်ကျွန်းကျေးရွာအုပ်စုတို့အတွင်းရှိ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)