သထုံ ဇွန် ၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ စီစဉ်ကြီးကြပ်မှုဖြင့် သစ်တောဦးစီးဌာနမှပြုလုပ်သည့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့၊ နံနက်က ထောင်မှူးကျေးရွာ၊ သုဓမ္မဝတီမြို့သစ်ရှိ ရန်ကုန်-ဘားအံ ကားလမ်းနံဘေး၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်နှင့် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးမိုးသူတို့က ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ မိခင်နှင့်ကလေးအသင်းအဖွဲ့များနှင့် ပြည်သူများထံ စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ကြသည်။
ယင်းနောက် သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာသူတို့က ပျိုးပင်များကို သတ်မှတ်ထားသည့် စိုက်ပျိုးမြေနေရာအသီးသီးတို့၌ တပျော်တပါးစိုက်ပျိုးပေးခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က တက်ရောက်လာသူတို့၏ ပျိုးပင်များစိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါနေ့တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားရှိသည့် ခရေ၊ ကံ့ကော်၊ ပန်းပိတောက်၊ ငုရွှေဝါ၊ စိန်ပန်းဝါ၊ ပျဉ်းမ၊ ကျွန်း၊ မဟော်ဂနီ၊ မန်ဂျန်ရှား စသည့်ပျိုးပင်စုစုပေါင်း ၁၀၈၀ အား ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများ၊ အမျိုးသမီးရေးရာ မိခင်နှင့်ကလေးအသင်းအဖွဲ့များ၊ လူမှုကူညီရေးအဖွဲ့များက တပျော်တပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)