ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်ရောက်၊ စံပြစိုက်ခင်း စိုက်ပျိုးထားရှိမှု ကြည့်ရှုစစ်ဆေး

လွိုင်ကော်      ဇွန်  ၆

ကယားပြည်နယ် ၂၀၂၆ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော် တက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်မှ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ဂေဟစနစ်ကောင်းမွန်မျှတစေရေး၊ ရေမြေထိမ်းသိမ်းပြီး သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရေးနှင့် ရာသီဥတုမျှတကောင်းမွန်စေရေးအတွက် ရည်ရွယ်ပြီး မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်များကို နှစ်စဉ်ကျင်ပပေးနေခြင်းဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအနေနှင့်လည်း မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုနှင့်အတူ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ သစ်ပင်သစ်တော စိုက်ပျိုးထိန်းသိမ်းခြင်းသည် နိုင်ငံ၏ ကောင်းမွန် သည့်အနာဂတ်ကို တည်ဆောက်ခြင်းဖြစ်သဖြင့် သစ်ပင်သစ်တောများ ထိန်းသိမ်းခြင်း လုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဝိုင်းဝန်းထိန်းသိမ်းကာကွယ် သွားကြရန်တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအတွက် ပျိုးပင်များအား ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များထံ ဖြန့်ဝေပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များက အထိမ်းအမှတ်သစ်ပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုး ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူများ၏ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ယနေ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်းနှင့် ကံ့ကော်အပါအဝင် သစ်မျိုး (၁၅) မျိုး၊ အပင်ပေါင်း (၂၀၀၀)ကို စိုက်ပျိုးသွားမည်ဖြစ်ကာ ယခုနှစ်အတွက် ပျိုးပင်ပေါင်း (၅၀၀၀၀) ပျိုးထောင်ထားရှိပြီး ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူလူထုများသို့ ဖြန့်ဝေ၍ သစ်ပင်စိုက်ပွဲတော်များ၊ ခရိုင်ချင်းဆက် လမ်းဘေးဝဲယာများနှင့် ကျေးရွာထင်းစိုက်ခင်းများတွင် စိုက်ပျိုးတည်ထောင်နိုင်ရန် ဖြန့်ဝေသွားမည်ဖြစ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နောင်ယား(က)ရပ်ကွက်ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသည့် စံပြစိုက်ခင်းကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က သီးနှံများ ပိုးမွှားကင်းရှင်းရေး၊ အထွက်နှုန်းကောင်းမွန်ရေးအတွက် ကြိုးပမ်းသွားရန်နှင့် တောင်သူများအား စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေး အသိပညာပေးလုပ်ငန်းများကို စာတွေ့လက်တွေ့ ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး စိုက်ပျိုးရေးခြံအတွင်း စားဖိုဆောင်သီးနှံများ၊ နှစ်ရှည် သီးနှံများ စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)