မွန်ပြည်နယ်တရားလွှတ်တော်နှင့် ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ် တရားရုံးများ၏ မှုခင်းကျဆင်းရေးနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မော်လမြိုင် ဇွန် ၈

မွန်ပြည်နယ်တရားလွှတ်တော်နှင့် ပြည်နယ်အတွင်းရှိ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများ၏ မှုခင်းကျဆင်းရေးနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အစည်းအ‌ဝေးတွင် မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဌေးမြင့်အေး၊ တရားလွှတ်တော် တရားသူကြီးများဖြစ်ကြသော ဒေါ်ညိုမီစံ၊ ဒေါက်တာအောင်သီဟနှင့် ဒေါ်ခိုင်ခိုင်မျိုးတို့က တရားစီရင်ရေးကိစ္စ၊ မှုခင်းကျဆင်းရေးကိစ္စများအား လမ်းညွှန်မှာကြားပြီး ပြည်နယ်တရားရေး ဦးစီးမှူး ဦးသိန်းထိုက်ဦးမှ ရုံးလုပ်ငန်းဆိုင်ရာများ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများမှ တရားစီရင်ရေးအခြေအနေနှင့် တရားရုံးလုပ်ငန်းဆိုင်ရာ အခြေအနေများ တင်ပြခဲ့ကြပြီး အဆိုပါအစည်းအဝေးသို့ တရားလွှတ်တော် တရားသူကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်တရားလွှတ်တော်မှ အရာထမ်း အမှုထမ်းများ၊ ခရိုင်၊ မြို့နယ်တရားရုံးများမှ အရာထမ်းများ စုစုပေါင်း (၅၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူ (ပြန်/ဆက်)