ခန္တီး ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဧပြီလမှ ဇွန်လအထိ ရက် (၁၀၀) အတွင်း လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်ဖြစ်သည့် တိုင်းရင်းကြက်မွေးမြူရေး ထုတ်လုပ်ရေး သင်တန်းကို ခန္တီးမြို့နယ်၊ ဖားမောင်ကျေးရွာ၌ ဇွန်လ (၇) ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ခန္တီးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှ ဒေါက်တာအောင်ခိုင်ထွေးက ကြက်အမျိုးအစားများ၊ ကြက်မွေးမြူမည့်ခြံနေရာ ရွေးချယ်ခြင်းနှင့် ကြက်ခြံဆောက်လုပ်ခြင်း၊ မျိုးစပ်ခြင်းနှင့် မျိုးပွားဆိုင်ရာအချက်အလက်များ၊ ဥကြက်မပြုစုစောင့်ရှောက်ခြင်း၊ ကြက်ပေါက်ပြုစုစောင့်ရှောက်ခြင်း၊ အစာနှင့်ရေတိုက်ကျွေးခြင်း၊ ကြက်လည်လိမ် (i2) မျက်စဉ်းခပ်ကာကွယ်ဆေးဆိုင်ရာ ကိစ္စရပ်များကို စာတွေ့လက်တွေ့သင်ကြားပို့ချလျက်ရှိရာ ဖားမောင်ကျေးရွာမှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၂၀) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဇွန်လ (၇) ရက်နေ့မှ ဇွန်လ (၁၁) ရက်နေ့အထိ (၅) ရက်တာ သင်ကြားပို့ချသွားမည် ဖြစ်သည်။
ခန္တီးမြို့နယ်အတွင်း ဒေသနှင့်ကိုက်ညီသည့် ကြက်မျိုးများကို နည်းစနစ်မှန်ကန်စွာ မွေးမြူနိုင်စေရန်၊ ကြက်သား၊ ကြက်ဥထုတ်လုပ်မှုပိုမိုတိုးတက်လာစေရန်၊ တစ်အိမ်ထောင် ကြက်(၁)ကောင်ယူနစ်နှုန်း တိုးချဲ့မွေးမြူလာနိုင်စေရန်၊ ဒေသအတွင်း အသားစားသုံးမှုဖူလုံစွာရရှိစေရန်နှင့် ပိုလျှံသည်များကို အခြားဒေသသို့ တင်ပို့ရောင်းချနိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရှိရသည်။
ကမ်းကီး(ပြန်/ဆက်)