နေပြည်တော် ဇွန် ၁၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တပ်ကုန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်၊ ကံလှကျေးရွာ ကွင်းအမှတ် (၂၁၁၁) ရှိ တောင်သူ ဦးဇော်မိုး၏ မြေပဲစိုက်ခင်း စိုက်ပျိုးထားရှိမှုအခြေအနေများ၊ ပေါက်ပင်သာကျေးရွာရှိ တောင်သူ ဦးအောင်လှိုင်ထွေ၏ မိုးကြိုငရုတ်သီးများ ခူးဆွတ်နေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုစဉ် တာဝန်ရှိသူများနှင့် တောင်သူများက သီးနှံများစိုက်ပျိုးထွက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒေသတွင်းဆီဖူလုံမှု ရှိစေရေးအတွက် ဆီထွက်သီးနှံဖြစ်သည့် မြေပဲစိုက်ပျိုးမှုကို တိုးမြင့်စိုက်ပျိုးရန်နှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လမ်းညွှန်မှာကြားပြီး တောင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးကာ အပင်နှင့် ရွက်ဖြန်းအားဆေးရည်များကို တောင်သူများထံပေးအပ်သည်။
ယင်းနောက် တပ်ကုန်းမြို့နယ်၊ ရှားတောအုပ်စု၊ ရွှေဥဒေါင်းကျေးရွာရှိ နေပြည်တော်ကောင်စီရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ရွာတွင်းလမ်း (ချယ်ရီလမ်း) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လမ်းပိုင်းများ စံချိန်၊ စံညွှန်းနှင့်အညီ အမြန်ဆုံးပြီးစီးစေရေးမှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့အဝင် ဆိုင်းဘုတ်အနီး မြေယာရှုခင်းအလှ ဆောင်ရွက်မည့်အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မြို့ပြအင်္ဂါရပ်နှင့်အညီ သပ်ရပ်လှပစေရေး အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။
သျှင်ဦးမောင်(ဒက္ခိဏ)