နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စနစ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ ကွင်းဆင်းကြည့်ရှု၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

နေပြည်တော် ဇွန် ၁၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ‌တပ်ကုန်းမြို့နယ် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စနစ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ ကွင်းဆင်းကြည့်ရှုသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေး‌နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စနစ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား သတ်မှတ်ကာလအတွင်း လုပ်ငန်းများအောင်မြင်စွာပြီးစီးရေး တာဝန်ရှိသူများအားမှာကြားကာ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကဒ်များ‌ ပေးအပ်ခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ တွေ့ဆုံသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာ၌ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ပြီး Green City ၊ Clean City၊ Smart City အဖြစ် တိုးတက်အောင်ဆောင်ရွက်၍ စံပြနယ်မြေတစ်ခုဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရာတွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ‌စေရေးသည် အဓိကအသက်သွေးကြောဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်‌စေရန်အတွက် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်ဧကအထွက်နှုန်း ပိုမိုထွက်ရှိအောင်ဆောင်ရွက်ရေး၊ ဆီထွက်သီးနှံစိုက်ပျိုးဧကများ ပိုမိုစိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်း ရရှိစေရေး၊ MSME လုပ်ငန်းများကို စံပြဖြစ်အောင် ဆောင်ရွက်ရေးနှင့် အသားဖူလှုံမှုရှိစေရေးအတွက် မွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိုးရာသီရေကြီးနှစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက် ထားရန်လည်း လိုအပ်ပါကြောင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မိဘပြည်သူများအနေဖြင့် မိမိကျရာတာဝန်များမှ မိမိအကျိုးအတွက်၊ နိုင်ငံတော်အကျိုးအတွက် တက်ညီလက်ညီ ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ယင်းနောက် တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူက တပ်ကုန်းမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များကို လည်း‌ကောင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက မိမိတို့ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူမှုစီးပွားဘဝ လိုအပ်ချက်များကို အသီးသီးတင်ပြကြရာ နေပြည်တော်တော်‌ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့နယ်၊ ရွေးစုကျေးရွာရှိ မြို့နယ်သံဃနာယကဒုတိယဥက္ကဋ္ဌ၊ ရွှေနဂါးမြောက်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသီရိန္ဒအားလည်းကောင်း၊ အနောက်ရတနာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ရှိ သက်ရှည်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒသိရီအား လည်းကောင်း သွားရောက်ဖူးမြော်ကြည်ညို၍ နဝက္ကမအလှူငွေများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူ ဒါန်းသည်။

ယင်းနောက် ပုဗ္ဗသီရီမြို့နယ်၊ နေပြည်တော်ဗုဒ္ဓဂယာ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး သွားရောက်ဖူးမြော်ကြည်ညို၍ သံဝေဇနိယလေးဌာန ဂေါပကအဖွဲ့ရုံး၌ တာဝန်ရှိသူများ တွေ့ဆုံပြီး တာဝန်ရှိသူများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သျှင်ဦးမောင်(ဒက္ခိဏ)